လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို အရေးယူရန်ရှိကြောင်း NLD CEC အတည်ပြု

လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို အရေးယူရန်ရှိကြောင်း NLD CEC အတည်ပြု
ဓာတ်ပုံ - သူရ

ရန်ကုန် ၊ ဧပြီ ၂၂ ။          ။ လွှတ်တော်ကိုယ်စားလှယ်သုံးဦးအား ပါတီစည်းကမ်းအရ အရေးယူရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက် ချမှတ်လိုက်သည်ဟု NLDပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။

ယနေ့ ဧပြီလ ၂၂ ရက်နေ့တွင် ရွှေဂုန်တိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံး၌ ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် NLD တိုင်ကြားစာလက်ခံရေးဌာနက တင်ပြချက်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆုံးဖြတ်ချက် ချခဲ့ခြင်းလည်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအား မည်သည့်အချက်ကြောင့်အရေးယူရသည်အကြောင်းရင်းကို ဒေါက်တာမျိုးညွန့်က "အဓိကကတော့ ပါတီစည်းကမ်းချိုးဖောက်တာ ၊ နောက် တာဝန်ယူရတဲ့ငွေစာရင်းတွေလုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ လုပ်ထုံးလုပ်နည်းတွေနဲ့ စနစ်တကျဆောင်ရွက်ခြင်းမရှိတာ အဲ့ဒါတွေကြောင့် အရေးယူတာပါ" ဟု ဆိုသည်။

အရေးယူခံရမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ၏ တိုင်ကြားစာလက်ခံရေးဌာနသို့ အများဆုံး တိုင်ကြားခြင်း ခံရသူများသည် ဧရာဝတီတိုင်းဒေသကြီးမှ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်နေပြီး တိုင်ကြားစာလက်ခံရေးဌာနသို့ တစ်လလျှင် တိုင်ကြားစာ အစောင် ၃၀ နီးပါး ရောက်လာပြီး ဌာန စတင် ဖွင့်လှစ်သည့် အချိန်မှ ယနေ့အထိ တိုင်ကြားစာပေါင်း ၅၀၀ နီးပါးခန့် ရရှိထားပြီးဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်း တိုင်ကြားစာလက်ခံရေးဌာနသို့  မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုက္ကဋ္ဌတို့ တိုင်ကြားခံခဲ့ရပြီး မွန်ဝန်ကြီးချုပ် နှုတ်ထွက်သွားသည်။

NLD အမတ်များ၏ လုပ်ရပ်များကိုကျေနပ်မှု မရှိရင် တိုင်ကြားနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် တိုင်ကြားစာဌာနကို ၂၀၁၇ ခုနှစ်မေလအတွင်းကစတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ တိုင်ကြားလိုသူများအနေဖြင့် လွှတ်တော်ကို်ယ်စားလှယ် တိုင်ကြားစာဌာန၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အနောက်ရွှေဂုံတိုင်လမ်း၊ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ကို လိပ်မူပြီး တိုင်ကြားစာ ပေးပို့ရမှာ ဖြစ်ပြီး တိုင်ကြားစာတွင် တိုင်ကြားသူ၏နေရပ်လိပ်စာ၊ မှတ်ပုံတင်နှင့် ဖုန်းနံပါတ် ထည့်သွင်းဖော်ပြကာ လက်မှတ်ရေးထိုး ပေးပို့ရမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags