မလေးရှား၌ ပါလက်စတိုင်းတစ်ဦးလုပ်ကြံခံရမှု မော့ဆက်အဖွဲ့လက်ချက်ဟု ကျန်ရစ်သူမိသားစုစွပ်စွဲ

မလေးရှား၌ ပါလက်စတိုင်းတစ်ဦးလုပ်ကြံခံရမှု မော့ဆက်အဖွဲ့လက်ချက်ဟု ကျန်ရစ်သူမိသားစုစွပ်စွဲ

ဂါဇာစီးတီး၊ ပါလက်စတိုင်းနယ်မြေ၊ ဧပြီ ၂၂ ။             ။ အစ္စရေးနိုင်ငံမှ ထောက်လှမ်းရေးအေဂျင်စီဖြစ်သော မော့ဆက်အဖွဲ့သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ လမ်းမပေါ်၌ ပါလက်စတိုင်းပါမောက္ခတစ်ဦးကို စနေနေ့ကလုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ကျန်ရစ်သူမိသားစုက စွပ်စွဲပြောဆိုခဲ့သည်။

ဟားမက်စ်အဖွဲ့ဝင်တစ်ဦးဖြစ်သော အသက် ၃၅နှစ်အရွယ်ရှိ ဖာဒီမိုဟာမက်အယ်လ်ဘတ်ရှ်သည် စနေနေ့က မွတ်စလင်အာရုံတက်ဆုတောင်းမှု ပြုလုပ်ရန်သွားစဉ်တွင် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့နှင့် ပက်သက်မှုရှိ သော သံသယတရားခံနှစ်ဦးက သူ့ကိုပစ်ခတ်လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု မလေးရှားအာဏာပိုင်များက ပြောခဲ့ သည်။

ပြည်ထဲရေးဝန်ကြီး အာမက်ဇာဟစ်ဟာမီဒီက လုပ်ကြံခံရသူ ပါမောက္ခဘတ်ရှ်သည် လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်ကြောင်းနှင့် ဒုံးပျံများပြုလုပ်တတ်သည့် ကျွမ်းကျင်ပညာရှင်ဖြစ်သည်ဟု ဆိုခဲ့သည်။ ထိုသူသည် ပါလက်စတိုင်းတို့နှင့်မတည့်သောနိုင်ငံအတွက် ၀န်ထုပ်ဝန်ပိုးတစ်ခုဖြစ်လာသည်ဟု ယုံကြည်ရသောကြောင့် လုပ်ကြံခံရခြင်းဖြစ်နိုင်သည်ဟု မလေးရှားနိုင်ငံ၏လုံခြံုရေးတာဝန်ခံ အာမက်ဇာဟစ်က ဆိုခဲ့သည်။

ပါလက်စတိုင်းပါမောက္ခသည် အပြည်ပြည်ဆိုင်ရာညီလာခံသို့ တက်ရောက်ရန်အတွက် စနေနေ့က တူရကီသို့ ထွက်ခွာရန်အစီအစဉ်ရှိကြောင်း ၀န်ကြီးက ဆိုခဲ့သည်။

ဒါ့အပြင် မလေးရှားရဲတပ်ဖွဲ့သည် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)သို့ အကူအညီတောင်းခံကာ ဥရောပတိုက် သားများဟု ယုံကြည်ရသော သံသယတရားခံများကို ရှာဖွေမည်ဟု ပြောခဲ့သည်။

ဟားမက်စ်တို့အုပ်ချုပ်သော ဂါဇာကမ်းမြှောင်ဒေသမှ ထုတ်ပြန်ချက်ထဲ၌ ကျန်ရစ်သူမိသားစုက “ကျနော်၊ကျမ တို့ဟာ ဒီလုပ်ကြံမှုနောက်ကွယ်မှာ မော့ဆက်အဖွဲ့ရှိလိမ့်မယ်လို့ စွပ်စွဲလိုက်ပါတယ်” ဟု ဖော်ပြထားသည်။

အစ္စလာမ်မစ် ပါလက်စတိုင်းအစိုးရအဖွဲ့က ဘတ်ရှ်သည် စွမ်းအင်ပြသနာများအတွက် အထူးပြုလေ့လာနေ သော သိပ္ပံပညာရှင်တစ်ဦးဖြစ်ပြီး ၄င်းတို့၏အဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

ဟားမက်စ်တို့သည် ယင်းဖြစ်စဉ်အတွက် အစ္စရေးတို့ကို တိုက်ရိုက်စွပ်စွဲခြင်းမရှိသော်လည်း ဘတ်ရှ်သည် အာဇာနည်တစ်ဦးဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယင်းအသုံးအနှုန်းသည် အစ္စရေးတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်း ကိုခံရသူများအား ဟားမက်စ်တို့ဘက်မှ ရည်ညွှန်းခေါ်ဝေါ်သော အခေါ်အဝေါ်တစ်ခုဖြစ်သည်။

အစ္စရေးအာဏာပိုင်များဘက်ကမူ ယင်းဖြစ်စဉ်နှင့်ပက်သက်၍ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ ငြင်းဆန်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required