ချီလီနိုင်ငံမှဆေးရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၃ ဦးထက် မနည်းသေဆုံးပြီး ၅၀ခန့်ဒဏ်ရာရ

ချီလီနိုင်ငံမှဆေးရုံတစ်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွား၍ လူ ၃ ဦးထက် မနည်းသေဆုံးပြီး ၅၀ခန့်ဒဏ်ရာရ

ဆန်တီယာဂို၊ ဧပြီ ၂၂ ။          ။ ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမြို့တောင်ပိုင်းရှိ ကွန်ဆပ်စီယွန်အရပ်မှ ဆေးရုံတစ်ရုံ၌ စနေနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့သောကြောင့် လူ ၃ဦးထက်မနည်းသေဆုံးပြီး ၅၀ ခန့်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောခဲ့ သည်။

ယင်းပေါက်ကွဲမှုသည် ဆေးရုံအတွင်းရှိ ဂတ်စ်အိုးယိုစိမ့်မှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း မြို့တော်ဝန် အယ်လ်ဗာရိုအော်တစ်ဇ်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ဒါ့အပြင် အယ်လီမန်ဒီကွန်စပ်စီယွန် ဆေးကုဌာန၏ တာဝါ A ၌ ပြုပြင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ် ကြောင်း အော်တစ်ဇ်က ပြောခဲ့သည်။ Gas Sur ကုမ္ပဏီသည် ဆေးရုံအတွင်းမှလူများကို ဘေးလွတ်ရာသို့ ကယ်ထုတ်ခဲ့ပြီး အခြေအနေအားလုံးကို ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုခဲ့သည်။

ဆက်လက်ပြီး အော်တစ်ဇ်က “ဒါဟာ အလွန်ကိုဝမ်းနည်းဖွယ်ရာ အခြေအနေတစ်ခုပါပဲ။ ဒဏ်ရာရရှိသူတွေထဲ မှာ စိုးရိမ်ရတဲ့အခြေအနေရှိသူတွေ ပါ၀င်ပါတယ်” ဟု ပြောခဲ့သည်။

ဘီယိုဘီယိုဒေသတွင်းမှ အုပ်ချုပ်ရေးမှူးဖြစ်သူကလည်း ဒဏ်ရာရရှိသူများကို ဆေးရုံများသို့ ပို့ဆောင်ပေးထား ပြီးပြီဖြစ်ကြောင်းနှင့် ဆေးရုံ၏အချို့အစိတ်အပိုင်းများ ပြိုကျပျက်စီးသွားခဲ့ကြောင်း ပြောခဲ့သည်။

ပေါက်ကွဲမှုကြောင့်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုမှာ အခြားရပ်ကွက်များသို့ ပြန့်နှံ့သွားခဲ့ပြီး ကနဦးတင်ပြ ချက်များအရ အနီးအနားရှိ အဆောက်အဦးများလည်း ပျက်စီးထိခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချီလီသမ္မတ ဆီဘတ်စတီယန်ပီနားရားက “ထိခိုက်နစ်နာခဲ့သူတွေအတွက် သူတို့ရဲ့ မိသားစုနဲ့အတူ ထပ်တူ ထပ်မျှခံစားရပါတယ်။ အားလုံးအတွက် ဆုတောင်းပေးနေပါတယ်” ဟု ယင်းပေါက်ကွဲမှု နှင့်ပက်သက်၍ သူ၏ တွစ်တာပေါ်၌ ရေးသားခဲ့သည်။

ဒါ့အပြင် ကျန်းမာရေးဝန်ကြီး အီမီလီယိုဆန်တီလိုက်စ်နှင့် သူ၏အရာရှိများသည် အခင်းဖြစ်ပွားရာနေရာသို့ လာရောက်အားပေးမည်ဖြစ်ကြောင်း သူက ဖြည့်စွက်ပြောဆိုခဲ့သည်။

ပြည်ထဲရေးဝန်ကြီး အန်ဒရက်စ်ချက်ဒ်ဝခ်ကလည်း သူသည် အရေးပေါ်ကူညီဆောင်ရွက်ရေးစင်တာမှ တာဝန်ရှိ သူများကို ဆင့်ခေါ်ပြီး ဘီယိုဘီယိုမှ အာဏာပိုင်များနှင့်အတူ ကျန်ရှိနေသောလုပ်ငန်းများကို ဆောင်ရွက်သွား မည်ဟု ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required