တရုတ်နိုင်ငံတောင်ပိုင်း၌ နဂါးလှေ ၂စီး တိမ်းမှောက်၍ လူ ၁၁ ဦးသေဆုံး

တရုတ်နိုင်ငံတောင်ပိုင်း၌ နဂါးလှေ ၂စီး တိမ်းမှောက်၍ လူ ၁၁ ဦးသေဆုံး

ပေကျင်း၊ တရုတ်၊ ဧပြီ ၂၂ ။             ။ တရုတ်နိုင်ငံတောင်ပိုင်းတွင် စနေနေ့က နဂါးလှေ ၂စီး မတော်တဆတိမ်းမှောက်ခဲ့၍ လူ ၁၁ဦးခန့် သေဆုံးခဲ့ပြီး ၆ ဦးခန့်ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံပိုင် ရှင်ဟွာသတင်းအေဂျင်စီက သတင်းတင်ပြခဲ့သည်။

ကယပ်လှေအမျိုးအစား နဂါးလှေကြီး ၂စီးပေါ်မှ လှေလှော်သမားများသည် ဂွီလင်မြို့ရှိ တာအိုဟွာမြစ်ထဲ၌ စနေနေ့ နေ့လည်ခင်းက လှေလှော်လေ့ကျင့်နေစဉ်တွင် မတော်တဆတိမ်းမှောက်ခဲ့ခြင်းဖြစ်ပြီး လူ ၅၇ ဦးခန့် ရေထဲကျသွားခဲ့ကြောင်း သိရသည်။

ထိုလူများထဲမှ လူ ၄၀ ခန့်ကို ရေထဲမှအသက်ရှင်လျက် ဆယ်ယူနိုင်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ကြောင်း ရှင်ဟွာသတင်းဌာနက တင်ပြခဲ့သည်။

ဂွီလင်မြို့မှ အာဏာပိုင်များ၏အဆိုအရ ရွာသားများသည် ရဲဌာနကိုအသိပေးခြင်းမရှိပဲ လှေလှော်လေ့ကျင့်နေခဲ့ ခြင်းဖြစ်ကြောင်းနှင့် စီစဉ်သူ ၂ ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

တရုတ်ပြက္ခဒိန်အရ ငါးလမြောက်၏ ငါးရက်မြောက်နေ့တွင်ကျရောက်သော နဂါးလှေပွဲတော်ကိုဆင်နွှဲရန် အတွက် နိုင်ငံတစ်ဝန်း၌ နှစ်စဉ်နှစ်တိုင်း လှေပြိုင်ပွဲများကို ကျင်းပလေ့ရှိသည်။

နိုင်ငံတော်သစ္စာဖောက်မှုဖြင့် မှားယွင်းစွာစွပ်စွဲခံထားရသည့်အတွက် ရေထဲခုန်ချပြီး မိမိကိုယ်မိမိ အဆုံးစီရင် ခဲ့သော တရုတ်ရှေးဟောင်းသမိုင်းထဲမှ ကဗျာဆရာကြီး Qu Yuan အား အောက်မေ့သတိရသည့်အနေဖြင့် ယင်းပွဲတော်ကို ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required