အမေရိကန်က ဆီးရီးယားအရေး ကုလဆွေးနွေးပွဲများကိုပါ ဗုံးခွဲပစ်ခဲ့ခြင်းပဲဖြစ်ဟု ရုရှပြော

အမေရိကန်က ဆီးရီးယားအရေး ကုလဆွေးနွေးပွဲများကိုပါ ဗုံးခွဲပစ်ခဲ့ခြင်းပဲဖြစ်ဟု ရုရှပြော

မော်စကို၊ ဧပြီ ၂၁ ။           ။ အမေရိကန်နှင့် မဟာမိတ်များသည် ဆီးရီးယားနိုင်ငံအတွင်း ယခုလက လေကြောင်းထိုးစစ်ဆင်ရန် အမိန့်ပေးလိုက်ခြင်းဖြင့် ယင်းနို်င်ငံ၏ စစ်ပွဲအဆုံးသတ်ရန် ရည်သန်ကျင်းပနေသော ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကိုပါ ဗုံးခွဲပစ်လိုက်သည်ဟု ရုရှနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၂၀ ရက်တွင် ပြောသည်။

အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်နို်င်ငံတို့သည် ဧပြီ ၁၄ ရက်က ဆီးရီးယားရှိ ဓာတုလက်နက်တည်နေရာများ ဆိုကာ ဗုံးကြဲကြခြင်းသည် ဂျနီဗာက ကုလသမဂ္ဂနောက်ခံပြုသော ဆွေးနွေးပွဲများကိုပါ ဗုံးခွဲပစ်လိုက်ခြင်းပဲ ဖြစ်ကြောင်း မော်စကိုတွင် ကုလသမဂ္ဂ သံတမန် စတက်ဖန်မီစတူရာနှင့် တွေ့ဆုံပြီး ဆာဂျီလက်ရော့ဗ်က ပြောခြင်းဖြစ်သည်။

“ဆီးရီးယားအရေးမှာ အဓိက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမှုတွေ အပါအဝင် မှန်ကန်တဲ့ ဆွေးနွေးမှုတွေနဲ့ ကုလသမဂ္ဂရဲ့ လုပ်ငန်းစဉ် ပြန်လည်အသက်ဝင်ဖို့ ကျွန်တော်တို့ ရပ်တည်နေပါတယ်။”ဟု လက်ရော့ဗ်က ဆိုသည်။

ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုးဂူးနှင့်ပါ တွေ့ဆုံခဲ့သည့် ကုလသံတမန် စတက်ဖန်က ကုလသမဂ္ဂ၏ ဦးစားပေးမှာ လေကြောင်းထိုးစစ်များနောက်ပို်င်း တင်းမာမှုများ လျော့ပါးရေးဖြစ်ကြောင်း ပြောသည်။

ရုရှနိုင်ငံခြားရေးဝန်ကြီး၏ ပြောစကားနှင့် ပတ်သက်ပြီးလည်း “ခုလို ကြားရတဲ့ အလွန်ကျေနပ်မိပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဘာပဲဖြစ်ခဲ့ပါစေ၊ နိုင်ငံရေးလုပ်ငန်းစဉ်ဆီ အရောက်လှမ်းလိုတဲ့ ရုရှရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ကြောင့် ဝမ်းသာပါတယ်။”ဟု ၎င်းက ဆိုသည်။

“အရေးကြီးတာက စွပ်စွဲချက်တွေ ထွက်ပေါ်နေတဲ့ ဓာတုလက်နက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အခြေခံကျကျ အဖြေရှာဖို့ ကျွန်တော်တို့ လိုအပ်တယ်။”ဟု ၎င်းက ပြောသည်။

အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန်တို့က ဆီးရီးယားက အာဆတ်အစိုးရသည် ဓာတုလက်နက်သုံး တိုက်ခိုက်သည်ဟုဆိုကာ တုံ့ပြန်ခြင်းအဖြစ် ဓာတုလက်နက်တည်နေရာများကို လေကြောင်းတိုက်ခိုက်ခဲ့သည်။ ဆီးရီးယား၏ ရေရှည် မိတ်ဖက် ရုရှက ဒူမာအရပ်တွင် ဖြစ်ပွားသော ယင်းဓာတုလက်နက်တို်က်ခိုက်မှုသည် ဆီးရီးယားသူပုန်များ၏ လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly