ဒုရဲမှူးမိုးရန်နိုင်ကိစ္စ လူ့အခွင့်အရေးကော်မရှင်စုံညီ အစည်းအဝေးတွင် ဆွေးနွေးသွားမည်

ဒုရဲမှူးမိုးရန်နိုင်ကိစ္စ လူ့အခွင့်အရေးကော်မရှင်စုံညီ အစည်းအဝေးတွင် ဆွေးနွေးသွားမည်

ရန်ကုန် ၊ ဧပြီ ၂၁ ။             ။ ရိုက်တာသတင်းသမားနှစ်ဦးအား ရဲမှူးချုပ်မှ ထောင်ချောက်ဆင်ဖမ်းခိုင်းခဲ့ခြင်းဖြစ်သည်ဟု သက်သေ ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်၏ ကိစ္စအား လာမည့် ဧပြီလ ၂၃ ရက်နေ့ တနင်္လာနေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၌ ဆွေးနွေးသွားမည်ဟု သိရသည်။

တရားရုံး ရောက်ပြီးဖြစ်သည့် အမှုကိစ္စများကို အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ၀င်ရောက်ပြီး စုံစမ်းစစ်ဆေးပိုင်ခွင့် မရှိကြောင်း ကော်မရှင်၏ ဥပဒေ ၃၇ တွင်ပြဋ္ဌာန်းထားသော်လည်း ကော်မရှင်အနေဖြင့် မည်ကဲ့သို့ဝင်ရောက် ဆောင်ရွက် နိုင်မည်ကို ဆွေးနွေးသွားရန် အစည်းအဝေးခေါ်ယူထားသည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

"တနင်္လာနေ့ကျရင် အန်ကယ်တို့ ခုနှစ်ယောက်စုံညီအစည်းအဝေးကို ဖိတ်ခေါ်ထားတယ်။ အစည်းအဝေးမှာ ဒီကိစ္စကို တင်ပြပြီးတော့ ဥပဒေနဲ့အညီဖြစ်အောင်ဘယ်လို၀င်မလဲဆိုတာကို တစ်ယောက်တည်း ဆုံးဖြတ်လို့ မရတော့ အခုအချိန်မှာ ပြောဖို့ခက်နေပါသေးတယ်။တနင်္လာနေ့ အစည်းအဝေးပြီးရင်တော့ အဖြေတစ်ခု ထွက်ပါလိမ့်မယ်" ဟု လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင်က ဆိုသည်။

ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာက လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောက်ချောက်ဆင် ဖမ်းဆီးရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့တာဖြစ်ကြောင်း ယမန်နေ့က မြောက်ပိုင်းခရိုင် တရားရုံးတွင် ဒုရဲမှူး မိုးရန်နိုင်က ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်သည် အမှတ် ၈ လုံခြံုရေး ရဲတပ်ရင်း တွင် ရက်ပေါင်း ၁၂ဝ ကျော် ဖမ်းချုပ်ခံထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရသေးသည့်အပြင် ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးကို ၄င်းနေထိုင်ရာ နေပြည်တော်ရဲလိုင်းခန်းမှ ဖယ်ရှားခိုင်းကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဖြစ်ပွားခဲ့သည့်ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို လက်ဝယ်တွေ့ရှိခဲ့ သည်ဟု ဆိုပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်သည့် ကိုဝလုံး(ခ) ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး အပါအဝင် ဒုရဲမှူး မိုးရန်နိုင် ၊ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့ကို ဖမ်းဆီးထားခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly