ဒုရဲမှူးမိုးရန်နိုင်၏ ညီဖြစ်သူရဲဝင့်နိုင်နှင့် မေးမြန်းခြင်း

ဒုရဲမှူးမိုးရန်နိုင်၏ ညီဖြစ်သူရဲဝင့်နိုင်နှင့် မေးမြန်းခြင်း
 

 

ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာက လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောက် ချောက်ဆင် ဖမ်းဆီးရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးကို ၄င်းနေထိုင်သည့် ရဲလိုင်းခန်းမှ ယနေ့ ဧပြီလ ၂၀ ရက်တွင် ဖယ်ရှားခိုင်းကြောင်း သိရသည်။ ဒုရဲမှူးမိုးရန်နိုင်၏ ညီဖြစ်သူနှင့် မဇ္ဈိမမှ သတင်းထောက် စိုးသူအောင်က ဆက်သွယ် မေးမြန်းထားသည်။

မေး။         ။ ဒီနေ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ဇနီးကို လက်ရှိနေတဲ့နေရာကနေ ရွှေ့ခိုင်းတယ်ကြားလို့ ။ ဘယ်လိုဖြစ်တာလဲဆိုတာလေးပြောပြပေးပါခင်ဗျ။

ဖြေ။         ။ ကျွန်တော်လည်း သေချာမသိဘူးခင်ဗျ။ ကျွန်တော်မရီး (ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးမတူးတူး) ကပဲ ပြောတယ်။ တာဝန်ကျအရာရှိတစ်ယောက်က ဖုန်းလှမ်းဆက်တယ်။ နေအိမ်ကနေ ဖယ်ပေးရမယ်လို့ ပြောတယ်။ ပထမ ၃ ရက်အတွင်းတဲ့။ ၃ ရက်အတွင်းဆိုတော့ ဖယ်ပေးပါ့မယ်ပေါ့။ ကျွန်တော်က နောက်ရက်မှ သွားမယ် လုပ်တာ။ နောက်တစ်ခါ ဖုန်းထပ်ဆက်တယ်။ သူက ၃ ရက်မဟုတ်တော့ဘူး နှစ်ရက်လို့ ။ တစ်ခါ ဖြစ်လာပြန်တယ်။ အဲဒါနဲ့ နောက်ပိုင်း ချက်ချင်းရွှေ့ပေးရမယ်ဆိုတော့ ချက်ချင်းရွှေ့ပေးလိုက်ရတယ်။ အခုရွှေ့တုန်းဗျ မပြီးသေးဘူးဗျ။

မေး။         ။ရွှေ့ခိုင်းတယ်ဆိုတော့ ဘယ်နေရာကနေ ရွှေ့ခိုင်းတာလဲခင်ဗျ။

ဖြေ။         ။နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးဗျ။

မေး။         ။ အခု ရွှေ့ရပြီဆိုတော့ ဒုရဲမှူးရဲ့ ဇနီးအနေနဲ့ ဘယ်လိုဆက်လုပ်ဖို့ စီစဉ်ထားတာများ ရှိမယ်ဆိုတာသိမလား။

ဖြေ။         ။ကျွန်တော့်အိမ်မှာပဲဗျ။ အိမ်မှာပဲ ခေါ်ထားတယ်။ နေပြည်တော်သပြေကုန်းပွဲရုံတန်းမှာ ကျွန်တော်နဲ့ပဲ နေတယ်ဗျ။ ကျွန်တော်ကတော့ အရပ်သားပဲ။

မေး။`       ။မနေ့က ဒုရဲမှူးမိုးရန်နိုင်က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာထွက်ဆိုပြီးနောက်တစ်နေ့ လိုင်းခန်းက ရွှေ့ခိုင်းတဲ့ဖြစ်စဉ်ကိုဘယ်လိုသုံးသပ်ထားတာရှိလဲ။

ဖြေ။         ။ပွင့်ပွင့်လင်းလင်းပြောရရင် ဒါတွေကဖြစ်လာမယ်လို့ကြိုတွေးပြီးသားကို။ ကျွန်တော့်အစ်ကိုက အခုမှ မဟုတ်ဘူးဗျ။ ဟိုတုန်းထဲက သူမှန်တယ်ထင်ရင်။ ကျွန်တော့်အစ်ကိုက ကျောင်းဆရာဘဝကလာတာ။ ကျောင်းဆရာမှာရော ရဲထဲရောက်တော့ရော သူမှန်တယ်ထင်ရင် မှန်တဲ့အတိုင်းလုပ်တတ်တဲ့အကျင့်ရှိတယ်ဗျ။ အဲ့တော့ ဒီကိစ္စလည်းမတရားဘူး။ အမှန်တရားသပ်သပ်ရှိတယ်လို့ သိတဲ့အချိန်မှာ ကျွန်တော့်အစ်ကို အမှန်အတိုင်းလျောက်မယ်ဆိုတာသိပြီးသား။ အဲ့အတွက် ပစ္စည်းတွေသာ မရွှေ့တာဗျ။ လူတွေက ခေါ်ပြီးသား။ သူ အမှန်အတိုင်းလုပ်ရင် မိသားစုတွေဘာတွေ လှည့်မကြည့်တတ်ဘူးခင်ဗျ။ သူထင်ရာလုပ်တာ။ အဲ့တော့ သူထင်ရာလုပ်ရင် တူတွေ တူမတွေနဲ့ ရှိတဲ့သူတွေဒုက္ခရောက်မှာစိုးလို့၊ နဂိုတည်းက ကျွန်တော်တို့ ညီကိုမောင်နှမတွေက သိပြီးသား။ သိတဲ့အတွက် ခေါ်ထားပြီးသား။ ပစ္စည်းတွေသာ လိုင်းခန်းမှာ ကျန်ခဲ့တာမရွှေ့ရသေးတာ။ အခုဟာက လူကမရှိဘူး။ ပစ္စည်းရွှေ့တာဗျ အဲ့သဘောပါပဲ။

 မေး။         ။ ဒီကိစ္စတွေမတိုင်ခင်ထိ ဒုရဲမှူးရဲထဲဝင်တာ ဘယ်လောက်ရှိသွားပြီလည်းခင်ဗျ။

ဖြေ။         ။အတိအကျတော့ ကျွန်တော်လည်းမသိဘူးခင်ဗျ။ ကြာတော့ကြာပြီ။ ရဲလုပ်သက် ၁၅ နှစ်လောက် ရှိမလားမသိဘူး။ သူက ကျောင်းဆရာမှာ နဂိုက မူလတန်းကျောင်းအုပ်ဗျ။

မေး။         ။ ဒုရဲမှူး ရဲဇနီးနဲ့ရော အခုဆက်သွယ်ရနိုင်မလား။ သူဖုန်းဆက်တော့ စက်ပိတ်ထားလို့ပါ။

ဖြေ။         ။ ပစ္စည်းတွေရွှေ့တော့ ကလေးတွေငိုနေတော့ သူလည်းနည်းနည်းစိတ်ညစ်ပြီး ဖုန်းများ ပိတ်ထားသလားမသိဘူး။  ကျွန်တော်လည်း အခုထိပစ္စည်းတွေ ရွှေ့မပြီးသေးဘူး။ ကျွန်တော်က ဦးဆောင်ရွှေ့နေရတာမို့လို့ကျွန်တော့်အိမ်ဘက်မရောက်သေးတာခင်ဗျ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly