စည်းကမ်းဖောက်သည့်မဏ္ဍပ်များရှိမရှိ တစ်ပတ်အတွင်း စီစစ်အရေးယူမည်

စည်းကမ်းဖောက်သည့်မဏ္ဍပ်များရှိမရှိ တစ်ပတ်အတွင်း စီစစ်အရေးယူမည်

 

ရန်ကုန်၊ ဧပြီ ၂၁ ။               ။ မြန်မာ့ရိုးရာနှစ်သစ်ကူးဖြစ်သည့် သင်္ကြန်တွင် စီးပွားဖြစ် မဏ္ဍပ်ကြီးများကို ပြန်လည်ခွင့်ပြုခဲ့ပြီး စည်းကမ်းချက် ဖောက်ဖျက်သည့် မဏ္ဍပ် ရှိမရှိကို တစ်ပတ်အတွင်းစီစစ်ကာ အရေးယူသွားမည်ဟု တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ရန်ကုန်မြို့တော်စည်ပင် လမ်းနှင့် တံတားဌာမှ ဌာနစုမှူး ဦးသိန်းဟုတ် ကပြောသည်။

၂၀၁၈ ခုနှစ်အတာသင်္ကြန်တွင် ရန်ကုန်တိုင်းအစိုးရမှ ကောမတီ ၉ခုကိုဖွဲ့စည်းကာ စည်းကမ်းထိန်းသိမ်းရေး၊နှင့် မဏ္ဍပ်တည်ဆောက်ရေးများကို စည်းကမ်းချက် ၄၅ ချက်ထုတ်ပြန်ကာ စီးပွားဖြစ်မဏ္ဍပ်များကို ခွင့်ပြုခဲ့ခြင်း လည်းဖြစ်သည်။

“ အဲ့ဒီ့ကော်မတီ ၉ ခုကနေပြီးတော့ ဘယ်မဏ္ဍပ်တွေကတော့ ကော်မတီအလိုက် ဘယ်စည်းကမ်းတွေ ဖောက်ဖျက်တယ်ဆိုပြီးတော့ မတက်လာသေးဘူး။ နောက်တစ်ပတ် လောက်မှတက်မယ်နဲ့တူတယ်” ဟု ဦးသန်းဟုတ်ကပြောသည်။

မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်အတာသင်္ကြန်တွင် ဆိုးဆိုးဝါးဝါးစည်းကမ်းမလိုက်နာ၍ အရေးယူရသည့် မဏ္ဍပ်မျိုးမရှိခဲ့ကြောင်းလည်း ၄င်းကဆိုသည်။

ထို့ကြောင့် တိုင်းအစိုးရမှ ဦးစီးဖွဲ့စည်းထားသည့် ကော်မတီ ၉ ခုမှ တစ်ပတ်အတွင်း အစည်းအဝေးထိုင်ကာ မည်သည့် မဏ္ဍပ်သည် စည်းကမ်းချက် ၄၅ ချက်ထဲမှ မည်သည့်အချက်ကို ချိုးဖောက်ခဲ့သည်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်းသိရသည်။

“ သေးသေးမွှားမွှားလောက်ပဲရှိမှာပါ။ ရှိတာတောင်မှ တော်တော်များများက အရင်နှစ်တွေ မှာစည်းကမ်းကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထားတော့ မဏ္ဍပ်တွေတော်တော်များများက စည်းကမ်းချက်နဲ့ပက်သက်လို့ လေးလေးစားစားဆောင်ရွက်ထားတော့မရှိသလောက်တော့ဖြစ်လိမ့်မယ်လို့ထင်တယ်” ဟု ဦးသန်းဟုတ်က ပြောသည်။

မြန်မာသက္ကရာဇ် ၁၃၈၀၊ ခရစ်နှစ် ၂၀၁၈ သင်္ကြန်တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှနေ၍ မဏ္ဍပ်အကြီး ၁၂ ခု၊ မဏ္ဍပ်အလတ် ၂၃ ခုကိုခွင့်ပြုပေးခဲ့ပြီး မဏ္ဍပ်အသေးများလည်း ရာနှင့်ချီ၍ ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly