ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးကို ရဲလိုင်းခန်းမှ ဖယ်ရှားခိုင်း

ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးကို ရဲလိုင်းခန်းမှ ဖယ်ရှားခိုင်း
ဓာတ်ပုံ - အေအပ်ပီ

 

ရန်ကုန်၊ ဧပြီ ၂၁ ။                  ။ ရခိုင်ပြည်နယ်၊ အင်းဒင်ကျေးရွာက လူသတ်မှုကို ဖော်ထုတ်ခဲ့တဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို ထောက် ချောက်ဆင် ဖမ်းဆီးရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့သည့် ဒုရဲမှူးမိုးရန်နိုင်၏ ဇနီးကို ၄င်းနေထိုင်သည့် ရဲလိုင်းခန်းမှ ဖယ်ရှားခိုင်းကြောင်း သိရသည်။

ဧပြီလ ၂ဝ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး အမှတ် ၈ လုံခြံုရေးရဲတပ်ရင်းမှ ဒုရဲမှူး မိုးရန်နိုင်က  မြောက်ပိုင်းခရိုင်တရားရုံး၌ ရိုက်တာသတင်းထောက် နှစ်ဦး ကို ထောင်ဖမ်းခဲ့သည်ဟု လာရောက် ထွက်ဆိုခဲ့ပြီးနောက်နေ့ ဧပြီ ၂၁ ရက်တွင် ၄င်း၏ဇနီးကို ရဲလိုင်းခန်းမှဖယ်ရှားခိုင်းခဲ့ခြင်းလည်း ဖြစ်သည်။

“ ကျွန်မ ဒုရဲမှူးမိုးရန်​နိုင်​အမျိုးသမီးပါ ။ ကျွန်မကို နံနက်​ ရ နာရီကဖုန်​းလာလို့ကိုင်​လိုက်​​တော့ အစ်မလိုင်​းခန်​းက ချက်ချင်း​​ဖယ်​​ပေးရမယ်​လို့ လူကြီးက​ပြောခိုင်​းလို့တဲ့ ။ မိုးကြိုးပစ်​လိုက်​သလို ခံစားလိုက်​ရတယ်​ ငါတို့လမ်​း​ဘေး​ရောက်​ပြီ​ပေါ့ သားအမိ​တွေ လမ်​း​ဘေး​ရောက်​ပြီ​ပေါ့ ” ဟု ဒုရဲမှူး မိုးရန်နိုင်၏ ဇနီးဖြစ်သူက ၄င်း၏ လူမှုကွန်ယက်ဖြစ်သည့် Facebook တွင်ရေးသားထားသည်။

ထို့ကြောင့် ဒုရဲမှူး၏ ဇနီးဖုန်းကို ဆက်သွယ်မေးမြန်းရာ “ ဒုရဲမှူးရဲ့ညီက အိမ်ကပစ္စည်းတွေ ပြောင်းရွှေ့ နေတယ်ခင်ဗျ။ ဒုရဲမှူးရဲဇနီးကအပြင်ခဏ ထွက်သွားတယ်” ဟု အမည်မဖော်လိုသူ အိမ်နီးချင်း နေထိုင်သူတစ်ဦးက မဇ္စျိမသို့ပြောသည်။

ရိုက်တာသတင်းထောက် ၂ ဦးကိုတရားစွဲဆိုထားသောအမှုကို ၁၄ ကြိမ်မြောက် အဖြစ်  ဧပြီလ ၂၀  ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ တရားလိုပြသက်သေအဖြစ် ဒုရဲမှူး မိုးရန်နိုင်ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားလိုပြသက်သေအဖြစ် လာရောက်ထွက်ဆိုခဲ့သော ဒုရဲမှူးမိုးရန်နိုင်သည် အမှတ် ၈ လုံခြံုရေး ရဲတပ်ရင်းတွင် ယနေ့ ရုံးချိန်းအထိ ရက်ပေါင်း ၁၂ဝ ကျော် ဖမ်းချုပ်ခံထားရပြီး မိသားစုနဲ့ တွေ့ခွင့်မရ သေးကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင် တစ်ခုတွင် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆိုင်မှ ပြန်အထွက်တွင် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်သည့် လျှိူ့ဝှက်စာရွက်စာတမ်းများ တွေ့ရှိခဲ့သည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှိူ့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အမှုနှင့် ပတ်သက်ပြီး စစ်ဆေးရန် တရားလိုပြသက်သေက ၂၅ ယောက်ရှိကာ ဒုရဲမှူးမိုးရန်နိုင် အပါအဝင် တရားလိုပြသက်သေက ၁၈ ယောက်ထိ စစ်ဆေးပြီးစီးခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly