ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်

ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားပြုလုပ်
Photo: Nyein Chan Naing/EPA

ရန်ကုန် ၊ ဧပြီ ၂၁ ။                       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် သတင်းစာဆရာ စာရေးဆရာကြီး ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း လေးနှစ်ပြည့် နှစ်ပတ်လည်   အောက်မေ့ဖွယ်အခမ်းအနားကို ယနေ့ ဧပြီလ ၂၁ ရက်က ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌ အပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ခဲ့ကြသည်။

ဟံသာဝတီ ဦးဝင်းတင်၏ သင်ကြားပေးခဲ့မှုများကြောင့် ယခုလက်ရှိ နိုင်ငံအုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင် ရာတွင် အဆင်ပြေမှုများရှိနေခဲ့သည်ဟုလည်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။

"အဘရဲ့ သင်ကြားပေးမှုတွေ လမ်းညွန်ပြသခဲ့မှုတွေဟာ ကျွန်တော်တို့အတွက် ကောင်းမြတ်တဲ့ ရည်မှန်းချက် တွေအတွက် ဆောင်ရွက်သွားနိုင်ဖို့ ခွန်အားတစ်ရပ်ဖြစ်စေခဲ့ပါတယ်။ ဒီအတွက် ဘဘ ဟံသာဝတီဦးဝင်းတင် ဟာ ကျွန်တော်တို့ရဲ့ ရင်ထဲမှာ အမြဲတမ်း ရှင်သန်ကျန်ရစ်နေတာပဲဖြစ်ပါတယ်။ ပြည်သူတွေအားလုံးရဲ့ ရင်ထဲမှာ လည်း ရှင်သန်ကျန်ရစ်နေမှာလည်းဖြစ်ပါတယ်" ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

"မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ" ဆိုသည့် ဆောင်ပုဒ်ကို ရေးသားပြီး စစ်အာဏာရှင် စနစ်ကို တော်လှန်ခဲ့သည့် ဟံသာဝတီဦးဝင်းတင်သည် အကျဉ်းထောင်အတွင်း၌ ၁၉ နှစ်ကျော်ကြာ နေထိုင်ခဲ့ရသူလည်းဖြစ်သည်။

ယင်းအပြင် ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းတွင်လည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအား အကူအညီပေးရန် ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းတည်ထောင်ခဲ့ပြီး နှစ်လ တစ်ကြိမ်ခန့် ထောက်ပံ့ငွေများ ကူညီပံ့ပိုးပေးခဲ့သည်။

ဟံသာဝတီဦးဝင်းတင်သည် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်ဆုအပါအဝင် စာနယ်ဇင်းဆိုင်ရာ ဆုတံဆိပ်များ လူ့အခွင့်အရေးဆုများ ချီးမြှင့်ခံခဲ့ရသည်။ ယင်းအပြင် ပြင်သစ်နိုင်ငံရှိလမ်းတစ်လမ်း၏ အမည်အား ၀င်းတင်လမ်းဟု အမည်ပေး ဂုဏ်ပြုခြင်းကို ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly