ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် အလှူငွေ ကျပ် ၁၁,၅၇၇ သိန်း ရရှိထား

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအတွက် အလှူငွေ ကျပ် ၁၁,၅၇၇ သိန်း ရရှိထား

 

ရန်ကုန်၊ ဧပြီလ ၂၁ ။                  ။ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် လှူဒါန်းရရှိငွေ  စုစုပေါင်း ကျပ် ၁၁,၅၇၇ သိန်း ရရှိထားပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးအတွက် ဧပြီလ ၂ဝ ရက်နေ့တွင် အလှူငွေ ကျပ်သိန်း ၄ဝဝ လက်ခံရရှိခဲ့ပြီး ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့မှ သုဓမ္မမဏိဇောတဓရ ဦးလီကျိန်းချန်(ခ) ဦးလျှိုအားပေါက်က ကျပ်သိန်း ၃ဝဝ နှင့် သုဓမ္မမဏိဇောတဓရ ဦးမောင်မောင်က လှူဒါန်းငွေကျပ်သိန်း ၁ဝဝ၊ စုစုပေါင်း ကျပ်သိန်း ၄ဝဝ အား လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးထုတ်လုပ်ပြသနိုင်ရေးအတွက် လှူဒါန်းရရှိငွေမှာ ယခင် အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ လွှဲပြောင်းငွေ ကျပ် ၈၄၇၂ သိန်း၊ ပထမအကြိမ် လှူဒါန်းရရှိ ငွေ ကျပ် ၂၇၀၅ သိန်းနှင့် ယခုလှူဒါန်းငွေ ကျပ်သိန်း ၄ဝဝ ဖြစ်ပြီး စုစုပေါင်း လှူဒါန်းရရှိငွေမှာ ကျပ် ၁၁၅၇၇ သိန်း ရရှိပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အတွက် ဒုတိယအကြိမ် လှူဒါန်းငွေပေးအပ်ပွဲအခမ်းအနားကို ဧပြီလ ၂၄ ရက်၊ မွန်းလွဲ ၂ နာရီခွဲအချိန် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)တွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဆန်း ရုပ်ရှင်အား ဇန်နဝါရီ ၂၀၁၈ တွင် စတင် ရိုက်ကူး၍ ဒီဇင်ဘာ ၂၀၁၉တွင်  ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် အပြီးသတ် ရိုက်ကူးရန် စီစဉ်ထားသော်လည်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက် တွင် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး သာသနာရေး နှင့် ယဉ်ကျေးမှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအား ငွေကြေးအပါအဝင် သမိုင်းဆိုင်ရာ အထောက် အကူ ပစ္စည်းများ ၊ ရုံးသုံး ပစ္စည်းများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန(ယဉ်ကျေးမှု)ရှိ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆောင်ရွက်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly