မြန်မာ့စိန်တလုံးသရက်သီး ပြည်ပသို့မှန်ကန်စွာတင်ပို့နိုင်ရေး သုေတေသနလုပ် စစ်ဆေးမည်

မြန်မာ့စိန်တလုံးသရက်သီး ပြည်ပသို့မှန်ကန်စွာတင်ပို့နိုင်ရေး သုေတေသနလုပ် စစ်ဆေးမည်

 

မန္တလေး၊ ဧပြီ ၂၀ ။                   ။ မြန်မာ့စိန်တစ်လုံးကို ပြည်ပသို့ပို့ရာတွင် မှန်ကန်စွာတင်ပို့နိုင်ရေးအတွက် နယ်ဒေသအသီးသီးမှထွက်ရှိသည့် သရက်သီး နမူနာများကို သရက်သီးစျေးကွက်နှင့် နည်းပညာဖွ့ံဖြိုးရေးအသင်း (သုတေသနဆပ်ကော်မတီ)သို့ တင်ပို့ပေးရန် ဧပြီ ၂၀ ရက်နေ့က သရက်လုပ်ငန်းရှင်များအား အသိပေးအကြောင်းကြားစာ ထုတ်ပြန်သည်။

 စိန်တလုံး သရက်သီးများကို ပြည်ပသို့တင်ပို့သည့်အခါ ဆေးထိုးထားခြင်း၊ ရေနွေးပေါင်းခံထားခြင်းများ မရှိစေရန်နှင့် ရင့်မှည့်ချိန်သိရှိစေရန်အတွက် သုတေသန ပြုလုပ်ရန် ပေးပို့ခိုင်းခြင်း ဖြစ်သည်။

 ထုတ်ပြန်ချက်ထဲတွင် ကျောက်ဆည်၊ တံတားဦး၊ ပေါ်တော်မူ၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ မတ္တရာ၊ ညောင်ပင်ဝန်း၊ စစ်ကိုင်း၊ ဘုတလင်၊ ကသာ၊ သပိတ်ကျင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းဒေသများရှိ စိန်တလုံး သရက်များကို စမ်းသပ်မှုများပြုလုပ်သွားမည်ဖြစ်ပြီး ဒေသအလိုက် ကူညီမှုများ လုပ်ဆောင်ကြစေလိုကြောင်း သရက်သီးစျေးကွက်နှင့်နည်းပညာဖွ့ံဖြိုးရေးအသင်း (သုတေသနဆပ်ကော်မတီ)က တိုက်တွန်းထားသည်။

 ဒေသအလိုက် စိန်တလုံးသရက်သီးရင့်မှည့်ချိန် သုတေသနပြုလုပ်ခြင်းကို ဧပြီလ ၂၀ ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၂၅ ရက်တွင် တစ်ကြိမ်၊ ဧပြီလ ၃၀ ရက်တွင် တစ်ကြိမ်၊ မေလ ၅ ရက်တွင် တစ်ကြိမ်၊ မေလ ၁၀ ရက် တွင် တစ်ကြိမ် စုစုပေါင်း ငါးကြိမ် သုတေသနပြုလုပ်သွားမည်ဖြစ်သည်။ ထိုသို့ သုတေသနပြုလုပ်ခြင်းကို သုံးနှစ်ဆက်တိုက် ပြုလုပ်သွားမည်လည်းဖြစ်သည်။

 ယခုလိုပြုလုပ်ရခြင်းဖြင့် စိန်တလုံးသရက်သီးရင့်မှည့်ချိန်သိရှိခြင်းအားဖြင့် ဒေသအသီးသီးရှိသရက်သီးများ မည်သည့်အချိန်တွင် ရောင်းချသည့်အဆင့်ရောက်ရှိမည်ကို သိရှိခြင်းနှင့် မရင့်မှည့်သေးဘဲ ပြည်ပသို့ တင်ပို့ရောင်းချခြင်းတို့ကို ထိန်းသိမ်းမှုများ ပြုလုပ်သွားနိုင်မည်ဖြစ်ကြောင်းသိရသည်။

 "စိန်တလုံးသရက်သီးရင့်မှည့်တဲ့ အချိန်နဲ့ အခြေအနေကို သိလိုတဲ့အတွက်စမ်းသပ်မှုတွေကို လုပ်ဆောင်ဖို့စီစဉ်တာပါ။သရက်သီးအနုတွေကို ရင့်မှည့်အောင် ဆေးအသုံးပြုတာ၊ပေါင်းတာတွေကို အချိန်မတိုင်မှီလုပ်ကြတာကြောင့် မြန်မာ့စိန်တလုံးသရက်ကို အဓိကဝယ်ယူနေတဲ့ တရုတ်ပြည်ဘက်မှာ ချဉ်တယ်လို့ သတင်းထွက်လာတယ်။ စျေးကွက်မပျက်အောင် ထိန်းသိမ်းသွားဖို့နဲ့ ဘယ်အချိန်မှာဘယ်နယ်က သရက်သီးက ပို့လို့ရတဲ့အနေအထားရှိပြီ ဆိုတာသိလာဖို့အတွက်ပါ။"ဟုမြန်မာ့သရက်စျေးကွက်နှင့်နည်းပညာဖွံ့ဖြိုးရေးအသင်း အတွင်းရေးမှူးဦးကျော်စိုးနိုင်က ပြောသည်။

ဆက်လက်၍၎င်းက" စိန်တလုံးသရက်ကို ရေထဲမှာစိမ်လိုက်မယ်။ရေပေါ်မှာပေါ် လာတယ်ဆိုရင် မရင့်မှည့် သေးဘူး။ နစ်သွားရင် ရင့်မှည့်ပြီလို့ အကြမ်းအားဖြင့် သတ်မှတ်လို့ရတယ်။ အဲဒီနည်းနဲ့ ဒေသအလိုက် သရက်သီး ၁၀ လုံးကို စစ်မယ်။ အဲဒီထဲက ရ လုံးလောက်က နစ်တယ်ဆိုရင် ပြည်ပကို တင်ပို့လို့ရတဲ့အဆင့် ရောက်ရှိပြီလို့ သတ်မှတ်လို့ရပြီ။ ဒါမျိုးကို နှစ်စဉ်လုပ်သွားမှာဖြစ်ပါတယ်။"ဟု အတွင်းရေးမှူးဦးကျော်စိုးနိုင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း သရက်စိုက်ပျိုး ဧကမှာ၂၀၁၆ခုနှစ်တွင် ဧက ၁သိန်းကျော်၊ ၂၀၁၇ခုနှစ်တွင် ဧက ၂ သိန်း ကျော်ရှိကြောင်း မြန်မာ့သရက်စျေးကွက်နှင့် နည်းပညာဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly