အသူတစ်ရာ နက်သော ချောက်ကမ်းပါး လေလား

အသူတစ်ရာ နက်သော ချောက်ကမ်းပါး လေလား
Photo-Myanmar President Office

နိုင်ငံတော်သမ္မတသစ်၏ နှစ်သစ်ကူးမိန့်ခွန်းကို ကြိုဆိုပါ၏ ။ ၎င်းနှစ်သစ်ကူးမိန့်ခွန်းကို ခွဲခြမ်းစိတ်ဖြာ ကြည့်မည်ဆိုပါက သိပ်ပြီးထူးဆန်းလှသည်မဟုတ်ပေမယ့် နိုင်ငံသူနိုင်ငံသားများက သမ္မတသည် ပြောသည့်အတိုင်း လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြ၏ ။ မြန်မာနိုင်ငံတွင် သမ္မတသစ်တွေ မကြာ ခဏတက်၏ ။ တက်တိုင်းလည်း တိုင်းပြည်၏ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး ဘာလုပ်ပေးမယ် ၊ ဘာလုပ်လိုက်မယ် အစရှိသဖြင့် မိန့်ခွန်းတွေ ချွေခဲ့ကြတာချည်းဖြစ်၏ ။ အနည်းနှင့်အများဆိုသလို မဖြစ်တာကများ၏ ။

တစ်ခါ တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်ပြီး၍လည်း တရားရုံး အသီးသီးအား တရားသူကြီး အဆင့်ဆင့်က တာဝန်ယူမှု တာဝန်ခံမှု ဖြင့် ကြီးကြပ်ကွပ်ကဲကြရန် ညှိနှိုင်း ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဆိုသည်။ ဒီလောက်ကလေးပွင့်လင်းမြင်သာမှုမျိုးကို ခုမှခံစားရခြင်းဖြစ်ပြီး တရားသူကြီးတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုဆိုတာ မလုပ်မရှုပ် မပြုတ် လုပ်လို့မရကြောင်း မြင်သာရမည်ဖြစ်သည် ။ တရားသူကြီးများသည် ဆင်ခြင်တုံတရားကို လက်ကိုင်ထားကာ တရားဥပဒေဘောင်အတွင်း  အမှုသွား အမှုလာကိုသုံးသပ်ဆင်ခြင်ကာ အမှုများကို အဂတိကင်းစွာဖြင့် တရားမျှတစွာ စီရင်ဆောင် ရွက်ရမှာဖြစ်သည်။ တရားရေးမဏ္ဍိုင်ကို မယိမ်းမယိုင်အောင်ဆောင်ရွက်ရမည့် တာဝန်သည် အဓိက တရားသူကြီးများ၏ လက်ဝယ်တွင်ရှိကြောင်း ထင်ရှားသည် ။

အဓိကမှာ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ခြင်းသည် တရားသူကြီးများ၏ အရေးကြီးသော အခန်း ကဏ္ဍပင်ဖြစ်သည် ။ ခေါင်ချုပ်မှာလည်း တရားသူကြီးပင်ဖြစ်သည် ။ အဂတိလိုက်စားမှုကိုတိုက်ဖျက် ရာတွင် တရားစီရင်ရေး၌ တရားသူကြီးကိုယ်တိုင် လာဘ်စား ၊ အဂတိလိုက်စားနေမည်ဆိုလျင် ၊ လယ်ယာမြေ အစရှိသည့် တရားမမှုများတွင်လည်း တရားသူကြီးများ အဂတိလိုက်စားနေမည်ဆိုလျင် ၊ တစ်နေ့တစ်ချိန်တွင် တရားရေးမဏ္ဍိုင်ပျက်စီးမှာ အသေအချာပင်ဖြစ်သည် ။ ယခုသမ္မတသစ်သည် မကြာခင်ပျက်စီးတော့မည့် တရားရေးမဏ္ဍိုင်ကို မယိမ်းမယိုင်စေရန် ပြန်လည် တည့်မတ်မည်ဟု မြင်သည် ။

ထိုသို့တည့်မတ်ရာတွင် သမ္မတကြီးနှင့် တရားသူကြီးများချည်းပဲ အချက်ကျကျ လုပ်ယုံနှင့်မရဟုဆိုချင် သည် ။ သက်ဆိုင်ရာ ဌာနဆိုင်ရာ အရာထမ်း အမှုထမ်းများပါ ပူးပေါင်းဆောင်ရွက်မှသာ တရားဥပဒေ စိုးမိုးရေးသည် ပြန်လည် နလံထလာမှာဖြစ်သည် ။ ဦးစွာ မိမိပုရဝုဏ်အတွင်းမှ တရားစီရင်ရေး ယိုင်နဲ့ မည့် ဆောင်ရွက်ချက်များ ၊ အပြုအမူများကို ပြတ်ပြတ်သားသား ဖော်ထုတ်ရှင်းလင်းသင့်သည် ။ ထိရောက်သော ပြစ်ဒဏ်များချမှတ်သင့်သည် ။ တရားဥပဒေ၏ အပေါ်တွင် မည်သူမျှမရှိစေရဆိုသည့် အတိုင်း ဆောင်ရွက် အရေးယူရန်ဖြစ်သည် ။ ထိုမှသာ ပြည်သူလူထုက ယုံကြည်မှုရှိလာပြီး တိုင်းပြည် တည်ငြိမ် ဖွံ့ဖြိုးရေးအတွက် အဓိကမောင်းနှင်အား ဖြစ်လာလိမ့်မည် ။

နိုင်ငံတော်သမ္မတသစ်သည် ပြည်သူလူထု၏ အဓိကလိုအပ်ချက်ဖြစ်သော စားဝတ်နေရေးထဲမှ နေရေး ကို အသားပေးတာတွေ့ရ၍ ၀မ်းမြောက်မိသည် ။ပြည်သူအများစုသည် နေစရာအိမ်မရှိကြဘဲ ငှားရမ်း နေကြရသည် ။ ပြည်သူ့ဝန်ထမ်းများဆိုလျင် သက်ပြည့်ပင်စင်သာရသွားကြသည် နေစရာအိမ်မရှိပေ ။ မြိုးမြိုး မြက်မြက် ဘေးပေါက်ရသော၊ တစ်နည်းအားဖြင့် အကြံအဖန်ရသော ၀န်ထမ်းအများစုသာလျင် နေအိမ်ပိုင်ဆိုင်နိုင်သည့် အခြေအနေတွင် သမ္မတကြီး၏လတ်တလော မိန့်ခွန်းကို ကြိုဆိုရမှာပင်ဖြစ် သည် ။ ၀န်ထမ်းတွေ အငြိမ်းစားယူသွားချိန်မှာ ကိုယ်ပိုင်နေအိမ် ကိုယ်ပိုင် တိုက်ခန်းများနှင့် သိက္ခာရှိရှိ နေသွားနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ခြင်းသည် တိုင်းပြည်၏ ဂုဏ်သိက္ခာကို အရောင်တင် ပေးရာလည်းရောက်သည် ။ ၀န်ထမ်းများကိုလည်း လစာတိုးမည်ဟု သမ္မတက သူ၏နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြေဆိုသွားတာလည်းတွေ့ရသည် ။ မြန်မာနိုင်ငံအစိုးရအဆက်ဆက် သမ္မတ အဆက်ဆက်တွင် ၀န်ထမ်းများကိုလစာတိုးပေးခြင်းသည် တစ်ရိတ်ရိတ်တက်လာသော ကုန်စျေးနှုန်း ကို ကျားကန်ပေးတာပင်ဖြစ်သည် ။ ရောင်းလိုအားနှင့် ၀ယ်လိုအားကို ညီမျှစွာထိန်းချုပ်ထားနိုင်လျင် တော့  ကုန်စျေးနှုန်းတက်မှုကို ရပ်တံ့နိုင်၍ ၀န်ထမ်းများပင်မက ပြည်သူတစ်ရပ်လုံး အသက်ရှူချောင် သွားနိုင်သည် ။

သမ္မတသစ်ပြောသည့်အထဲတွင် လျှပ်စစ်မီးကိစ္စလည်းပါ၀င်၏ ။ လျှပ်စစ်မီးကို လာမယ့်နှစ်များတွင် လက်ရှိ ဖြန့်ဖြူးတာနှင့် နှစ်ဆဖြန့်ဝေမည်ဟုဆို၏ ။ လျှပ်စစ်မီးတိုးမြှင့်ရရှိရေးအတွက် ယခုလက်ရှိ ထုတ်လုပ်မှု မဂ္ဂါ၀ပ် ၃၀၀၀ မှ လာမည့် (၃) နှစ်အတွင်း နောက်ထပ် မဂ္ဂါ၀ပ် ၃၀၀၀ ထပ်မံတိုးမြှင့်၍ စုစု ပေါင်းမဂ္ဂါ၀ပ် ၆၀၀၀ ထုတ် လုပ်သွားမည်ဟု သမ္မတသစ်၏ နှစ်သစ်ကူး မိန့်ခွန်းထဲတွင်တွေ့ရသည် ။ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးမှာ လက်ရှိသုံးစွဲနေတဲ့ (230) KV လိုင်း အပြင် နောက်ထပ် (500) KV လိုင်းကိုလည်း (၃) နှစ် အတွင်း တိုးချဲ့ပြီး ဖြန့်ဖြူးပေးမှာ ဖြစ်သည် ဟုလည်းဆို၏ ။ အသည်းယားစရာ ပင်ဖြစ်၏ ။ တက်လာ သည့် အစိုးရတိုင်း သမ္မတတိုင်း ပြောလေ့ပြောထရှိသော စကားများပင်ဖြစ်၏ ။ သို့သော် သမ္မတသစ် သည် ဒီမိုကရေစီကိုဖော်ဆောင်နေသော သမ္မတဖြစ်ခြင်း ၊ အများပြည်သူရွေး ချယ်တင်မြှောက်ထား သော သမ္မတဖြစ်ခြင်း ၊လက်တွေ့ကျသော သမ္မတဖြစ်ခြင်း ၊ လူထုခေါင်းဆောင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးချယ်ထားခြင်းတို့ကြောင့် သက်ဆိုင်ရာ ၀န်ထမ်းများက စုပေါင်းစွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဆိုပါက ဖြစ်နိုင်လိမ့် မည်ဟု ယုံကြည်ရမှာပင်ဖြစ်၏ ။ တိုင်းပြည်၏ အခြေခံအဆောက်အအုံဖြစ်သော လျှပ်စစ်ကဏ္ဍဖွံ့ဖြိုး တိုးတက်လာသည့် နည်းတူ ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း တိုးမြင့်လာပြီး အလုပ်လက်မဲ့များ နည်းပါး သွားမှာဖြစ်လို့ မလွှဲမသွေ အောင်မြင်ရန် ပြည်သူတစ်ရပ် လုံးတွင် တာဝန်ရှိ၏ ။

မြန်မာနိုင်ငံအဝှမ်းတွင် ရာဇဝတ်မှုများ ၊မုဒိမ်းမှုများ၏ အဓိကအများဆုံး တရားခံဖြစ်နေသော မူးယစ် ဆေးဝါးကိုတော့ ဥပဒေ အရ ထိထိရောက်ရောက် ကိုင်တွယ်အရေးယူမှ ဖြစ်တော့မည်ဆိုတာကို သမ္မတသစ်က အချက်ပြလိုက်သည် ။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို လုပ်နေသည်မှာလည်း အစိုးရ အဆက်ဆက် သမ္မတအဆက်ဆက် ကလုပ်သည်ဟုသာပြောကြသည် ၊ ထိရောက်မှုရှိမရှိ ဆိုသည်ကို တော့ အားလုံးအသိပင်ဖြစ်သည် ။ တစ်နေ့တစ်ခြား မူးယစ်ဆေးဝါးဖြင့် ဆက်နွယ်သော အမှုအခင်းများ နှင့် ယင်းမူးယစ်ဆေးဝါးကို လမ်းဘေးကွမ်းယာဆိုင်အချို့တွင်လည်းကောင်း ၊အချို့နိုက်ကလပ်များ တွင်လည်းကောင်း လွယ်လွယ်ကူကူပင် ၀ယ်လို့ရနေကြောင်းက သက်သေပြနေသည် ။ ထိုအချိန်တွင် သမ္မတသစ်သည် မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းနိုင်ဖို့ အဓိကထုတ်လုပ်၊ ဖြန့်ဖြူး၊သိုလှောင်တဲ့လက်ကြီး သမားတွေကို ဦးစားပေးနှိမ်နင်းမည်ဟုဆိုသည် ။  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေး ဝါးတွေ ဖောဖောသီသီ ရောင်းဝယ်ဖောက်ကားနေမှုကို မသိချင်ယောင်ဆောင်ထားသော ၊ သိလျက် နှင့် လွှတ်ထားသော ဖြစ်စဉ်မျိုးတွေ ဖြစ်လာလျင်လည်း အဓိကတာဝန်ရှိသူကို ဦးစားပေးပြီး အရေးယူ မှုတွေ ပြုလုပ်ရမှာဖြစ်သလို ကွင်းဆက်ပျောက်သွားတဲ့၊ ပိုင်ရှင်မဲ့ဖြစ်သွားတဲ့မူးယစ်ဆေးဖမ်းဆီးရမှုတွေ ကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ်သွားမည်ဟုဆိုသည် ။

ထိုသို့ တင်းတင်းကျပ်ကျပ်ကိုင်တွယ်ရာတွင် ကိုင်တွယ်လက်စ ပြည်ထဲရေးဌာနသည် အလွန်အရေးပါ သော အဓိကဇာတ်ကောင် ဖြစ်နေသည်ကို ပြည်သူအားလုံးကသိကြသည် ။ ပြည်ထဲရေးဌာန ၊မြန်မာ နိုင်ငံရဲတပ်ဖွဲ့သည် အဂတိတရားကင်းရှင်းစွာဖြင့် ပြည်သူနှင့်အတူ စုပေါင်းအင်အားတွင် တင်းပြည့် ကျပ်ပြည့်ပါ၀င်ဘို့ အလွန်အရေးကြီးကြောင်းပြောလိုသည် ။ ဤကဲ့သို့ဆိုရခြင်းမှာလည်းရောင်းဝယ် ဖောက်ကားနေမှုကို မသိချင်ယောင်ဆောင်ထားသော ၊ သိလျက် နှင့် လွှတ်ထားသော ဖြစ်စဉ်များရှိနေ ၍ ဖြစ်သည် ။

နိုင်ငံတော်သမ္မတသစ်သည် အပြောမဟုတ် လက်တွေ့လုပ်မည့်သူဖြစ်သည့် အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများသည်လည်းကောင်း ၊ ပြည်သူလူထုကြီးသည်လည်းကောင်း တာဝန်ရှိစွာ ၊ တာဝန်သိ စွာဖြင့် တိုင်းပြည်အကျိုးအတွက် သမ္မတသစ်နှင့်အတူ ပူးပေါင်းကာ ဆောင်ရွက်စေချင်ပါကြောင်း တင်ပြလိုက်ရပါသည် ။    ။

သန့်ဇော် (သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly