စလင်းမြို့ ရှေးဟောင်းသမိုင်းဝင် ဝက်သည်းကန်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရန် လိုအပ်နေ

စလင်းမြို့ ရှေးဟောင်းသမိုင်းဝင် ဝက်သည်းကန်ကြီးအား ဘက်စုံပြုပြင်မွမ်းမံရန် လိုအပ်နေ

 

မကွေး၊ ဧပြီ ၂၀ ။                  ။ မကွေးတိုင်းဒေသကြီး စလင်းမြို့ ရှေးဟောင်းသမိုင်းဝင် ဝက်သည်းကန်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ ထိန်းသိမ်း နိင်ရန် လိုအပ်နေကြောင်း ဝက်သည်းကန် ရှင်ပင်ရွှေမုဋ္ဌောဘုရား ဂေါပကအဖွဲ့ထံက သိရသည်။

၀က်သည်းကန်ကြီးအတွင်း တည်ထားကိုးကွယ်လျှက်ရှိသော အဏုမြူကပ်ကျော် ရွှေမုဋ္ဌောစေတီတော်ကြီးနှင့် လူသွားလမ်းစင်္ကြန်တံတားနှင့် လူသွားလမ်းစင်္ကြန်သွယ်များဖြစ်သော စင်္ကြန်လမ်းများသည် ဆောက်လုပ်ထား သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ပြီး အဖက်ဖက်မှ ပျက်စီးယိုယွင်းနေကြောင်း၊ ဝက်သည်းကန်ကြီးမှာလည်း နုံးများ များပြားနေကြောင်း ဝက်သည်းကန် ရှင်ပင်ရွှေမုဋ္ဌောဘုရား ဂေါပကအဖွဲ့ အတွင်းရေးမှူးဦးအောင်မြင့်က ပြောသည်။

“ဒီမှာဆောက်လုပ်ထားတဲ့ တံတားတွေ လမ်းစင်္ကြန်သွယ်တွေဟာ နှစ်ပေါင်း(၈၄)နှစ် ကြာမြင့်ခဲ့ပြီလေ၊ အဘက် ဘက်က ပျက်စီးယိုယွင်းနေပြီ၊ ဝက်သည်းကန်ကြီးထဲ နုံးတွေများနေပြီ။ ဒါတွေကို ပြုပြင်မွမ်းမံ နိင်သလောက် မွမ်းမံနေပါတယ်၊ကန်ကြီးထဲက နုံးတွေကို တကယ့်တတ်သိပညာရှင်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဖော်ထုတ်စေချင်ပါ တယ် ” ဟု ဦးအောင်မြင့်က ပြောသည်။

ဝက်သည်းကန်ကြီး၏ အကျယ်အဝန်းမှာ စလင်းမြို့၏ အနောက်ဘက်တွင်ကပ်လျှက် တည်ရှိပြီး အနောက် ကန်ဘောင်ကျေးရွာအုပ်စု၊ အောက်လှိုင်းကျေးရွာအုပ်စု၊ တမာချောင်းကျေးရွာအုပ်စု၊ ဆင်ကျုံးကျေးရွာ အုပ်စုများ၏ နယ်နမိတ်အတွင်း (၁.၇)စတုရန်းမိုင်၊ဧက(၁၀၈၈)ဧကကျယ်ဝန်းကြောင်း သိရသည်။

အဆိုပါ ဝက်သည်းကန်ကြီးအား လွတ်လပ်ရေးရပြီး ၁၉၅၃ ခုနှစ်မှစပြီး နိင်ငံတော်အစိုးရမှ သားငှက် ဘေးမဲ့ကြိုးဝိုင်းအဖြစ် သတ်မှတ်ထိန်းသိမ်းစောင့်ရှောက်ကာ ရေကြိုးဝိုင်းအဖြစ်သတ်မှတ်ပြီး ယင်းကန်အတွင်း ကျက်စားလျှက်ရှိသော ရေနေသတ္တဝါများ၊ ငှက်မျိုးများ မျိုးဆက်မတုံးရန်နှင့် ယင်းကန်ကြီးပိုလျှံရေများဖြင့် ဆင်ကျုံးကွင်း၊ရှမ်းစုကွင်း၊ ကူဖြူကွင်း၊ကူတိုကွင်း၊မကျီးပင်ပုကွင်းတို့ မှ လယ်ဧက (၂၅၀၀)ကျော် ရေသွင်းစိုက်ပျိုးပေးနိင်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများအပြင် ရုံးပိတ်ရက်နှင့် အားလပ်ရက်များနှင့် အခါကြီးရက်ကြီးနေ့ရက် များတွင် စလင်းမြို့ ဝက်သည်းကန်ကြီးသို့ အပန်းဖြေရန် လာရောက်ကြပြီး၊ကန်ကြီးအတွင်း အပျော်စီးလှေများ၊ ကလေးစီးအရုပ်ရေယာဉ်ငယ်များ စီမံပေးထားကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly