မြန်မာအလုပ်သမားများ လုပ်အားခ တစ်နာရီ ၄၅၀ ကျပ်

မြန်မာအလုပ်သမားများ လုပ်အားခ တစ်နာရီ ၄၅၀ ကျပ်

သြဂုတ် ၂၉ ။     ။ မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစားမခွဲခြားဘဲ ၂၀၁၅ ခု၊ စက်တင်ဘာ ၁ ရက်နေ့မှစ၍ တစ်နာရီလျင် ၄၅၀ ကျပ်နှုန်း သတ်မှတ်လိုက် ပြီဖြစ်သည်။

တစ်ရက် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ ဖြစ်သည်ဟု အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ က သြဂုတ် ၂၈ တွင် ထုတ်ပြန်ကြေညာသည်။

၂၀၁၃ ခု အနည်းဆုံးအခကြေးငွေ ဥပဒေပုဒ်မ ၁၀ (ဃ) နှင့်အညီ၊ ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက်အရ သတ်မှတ်ချက်ခြင်းဖြစ်ပြီး အလုပ်သမား ၁၅ ဦးနှင့် အောက်ရှိသည့် လုပ်ငန်းငယ်များ၊ မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းများနှင့် သက်ဆိုင်မှုမရှိဟုလည်းဆိုသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံငွေကြေးပေါက်ဈေး တစ်ဘတ်လျင် ၃၅ ကျပ်နှုန်းနှင့်တွက်လျင် တစ်နာရီ ၁၂ ဘတ်သာသာ ဖြစ်ပြီး တစ်နေ့အတွက် ၁၀၂ ဘတ်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် အနည်းဆုံးလုပ်ခကို ဘတ် ၃၀၀ ဖြစ်ပြီး နေ့စဉ်ကုန်ကျမှု ပေါ်မူတည်၍ ပြည်နယ်များအကြား ကွာခြားမှုရှိသည်။

ယင်းတစ်နာရီ ၄၅၀ ကျပ်နှုန်း လုပ်အားခသည် ငွေလဲနှုန်း ကန်တစ်ဒေါ်လာ ၁၂၆၅ ကျပ်နှင့် တွက်လျင် ၀ ဒဿမ ၃၆ ဒေါ်လာဖြစ်သည်။ အလုပ်ချိန် တစ်နေ့ ၈ နာရီအတွက် ၃၆၀၀ ကျပ်သည် ကန်ဒေါ်လာ ၂ ဒသမ ၈၄ သာသာ ဖြစ်သည်။ အမေရိကန်တွင် အနိမ့်ဆုံးလုပ်ခ တစ်နာရီလျင် ၇ ဒဿမ ၂၅ ဒေါ်လာသတ်မှတ်ထားသည်။

ယင်းနှိုင်းယှဉ် နှုန်းထားများမှာ အွန်လိုင်း XE Currency Converter နှင့် အွန်လိုင်း wikipedia တို့ကို ကိုးကားထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly