ရိုက်တာသတင်းသမားများကို ထောင်ချောက်ဆင် ဖမ်းခဲ့သည်ဟု ဒုရဲမှူး ၀န်ခံ

ရိုက်တာသတင်းသမားများကို ထောင်ချောက်ဆင် ဖမ်းခဲ့သည်ဟု ဒုရဲမှူး ၀န်ခံ

 

ရန်ကုန် ၊ ဧပြီ ၂၀ ။          ။ ရိုက်တာသတင်းသမားနှစ်ဦးဖြစ်သည့် ကိုဝလုံး(ခ) ကိုသက်ဦးမောင် နှင့် ကိုကျော်စိုးဦးတို့နှစ်ဦးအား ထောင်ချောက်ဆင် ဖမ်းခဲ့ခြင်းဖြစ်သည်ဟု ဒုရဲမှူး မိုးရန်နိုင်က ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ ၀န်ခံပြောဆိုလိုက်သည်။

တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် ဒုရဲမှူး မိုးရန်နိုင်က အမှတ်(၈) လုံခြံုရေးရဲတပ်ရင်းက ဖြစ်ပြီး ရိုက်တာသတင်းထောက်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့၌ ခေါ်ယူကာ သတင်းအချက်အလက်များ ပေးခဲ့သူလည်း ဖြစ်သည်။

"ရိုက်တာသတင်းထောက်နှစ်ဦးထောင်ချောက်ဆင် အဖမ်းခံရတယ်ဆိုတာ အဲ့အတိုင်းအမှန်ပါပဲ။ အမှန်တရားကို ဖွင့်ပြောရတဲ့အကြောင်းအရင်းက ရဲတပ်ဖွဲ့ဝင်တွေမှာလည်း ဘယ်အဆင့်အတန်းမဆို သူ့ဂုဏ်သိက္ခာနဲ့သူရှိပါတယ်" ဟု ယနေ့ ရုံးချိန်းအပြီးတွင် ဒုရဲမှူး မိုးရန်နိုင်က မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ရိုက်တာသတင်းသမားများအား ထောင်ချောက်ဆင်ဖမ်းခဲ့ခြင်း ဖြစ်သည်ဟု တရားခွင်အတွင်း၌ ထွက်ဆိုခဲ့သော်လည်း မည်သည်များက ခိုင်းစေခဲ့သည်ကိုမူ ထွက်ဆိုခဲ့ခြင်းမရှိပေ။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စားသောက်ဆိုင်တစ်ခုတွင် ရိုက်တာသတင်းထောက်များဖြစ်သည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်းတို့က ခေါ်ယူတွေ့ဆုံခဲ့ပြီး ဆိုင်မှ ပြန်အထွက်တွင် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်သည့် လျှိူ့ဝှက်စာရွက်စာတမ်းများ တွေ့ရှိခဲ့သည်ဟုဆိုကာ နိုင်ငံတော်အစိုးရ လျှိူ့ဝှက်ချက်များ အက်ဥပဒေဖြင့် ဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုကို ၁၄ ကြိမ်မြောက် အဖြစ် ယနေ့ ဧပြီလ ၂၀ ရက်နေ့တွင် မြောက်ပိုင်းခရိုင်တရားရုံး၌ စစ်ဆေးနေပြီး တရားလိုပြသက်သေအဖြစ် ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီးခင်မောင်လင်းတို့ကို စစ်ဆေးနေခြင်းဖြစ်သည်။

တရားလိုပြသက်သေအဖြစ် တင်သွင်းထားခြင်းခံရသည့် ဒုရဲမှူး မိုးရန်နိုင်နှင့် တပ်ကြပ်ကြီး ခင်မောင်လင်း တို့ကိုလည်း ရဲအက်ဥပဒေဖြင့် အရေးယူမည်ဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly