သဖန်းဆိပ်ရေလှောင်တမံအောက်ရှိ ကျွန်းလှမြို့ဟောင်း ရေအောက်နာရီစင် ပျက်စီးပြိုကျ

သဖန်းဆိပ်ရေလှောင်တမံအောက်ရှိ ကျွန်းလှမြို့ဟောင်း ရေအောက်နာရီစင် ပျက်စီးပြိုကျ

 

ကျွန်းလှ၊ဧပရယ် ၂၀ ။                         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် ၊ သဖန်းဆိပ်ရေလှောင်တမံအောက်ရှိ ကျွန်းလှမြို့ဟောင်းရဲ့ နာရီစင် ပျက်စီးသွားကြောင်း   ဒေသခံတွေရဲ့ ပြောပြချက်အရ သိရသည်။

အဆိုပါ နာရီစင်သည် ရေအောက်မှာ နှစ်ပေါင်း ၂၀ ကျော် တည်ရှိနေသည့် နာရီစင် တစ်ခုဖြစ်ပြီး ယခုလ ၁၉ ရက်၊ နှစ်ဆန်း(၂)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုကြောင့် လှိုင်းလုံးများကြီး၍ ပြိုကျခြင်းဖြစ်ကြောင်း ဒေသခံများ ပြောသည်။

" ကျွန်းလှမြို့ရဲ့ အသည်းနှလုံး တစ်ခုပျက်စီးသွားတယ်။  ဒီနာရီစင်ကြီးက ကျွန်တော်တို့ မြို့ဟောင်း ကို လွမ်းတဲ့အခါသွားကြည့်တဲ့ ကြည့်စရာဆိုလို့ နာရီစင်ပဲ ရှိတယ် ။ အခုမရှိတော့ဘူး အရမ်းကိုပဲ ခံစားရတယ်” ဟု ကျွန်းလှမြို့မှ ကိုထက်က ပြောသည်။

လက်ရှိတွင် နာရီစင်ပြိုကျသည့် နေရာတွင် ဒေသခံများက ပြိုကျရသည့်အကြောင်းအရင်း အခြေအနေအမှန် သိနိုင်ရန်အတွက် စက်လှေများဖြင့် ရေငုပ်၍ စူးစမ်းလေ့လာနေကြကြောင်း သိရသည်။

"အရင်ကတည်းက နာရီစင်ရှိတဲ့နေရာကို GPS နဲ့မှတ်ထားတဲ့ တည်နေရာကိုတော့ သိတယ်။ အဲ့ဒီအတွက် နာရီစင်က ခါးပိုင်းက ပြိုတာလား။  အောက်ခြေက ပြိုတာလားဆိုတာ သိဖို့အတွက် လေ့လာနေတယ် အခုလိုလုပ်ရတာကလဲ ကျွန်းလှမြို့က လူတွေနဲ့ တစ်နိုင်လုံးက အများပြည်သူတွေ အခြေအမှန်သိဖို့ လုပ်ဆောင်နေတာဖြစ်တယ်" ဟု ကိုထက်က ပြောသည်။

သဖန်းဆိပ်ဆည်ကို ၁၉၉၆၊ ၁၉၉၇ စတင်ခဲ့၍ ၂၀၀၁၊၂၀၀၂ တွင်ပြီးစီးခဲ့ပြီး အဆိုပါ သဖန်းဆိပ် တည်ဆောက်မှုကြောင့် ကျွန်းလှမြို့အပါအဝင် ကျေးရွာပေါင်း ရ၀ကျော် ပြောင်းရွေ့ခဲ့ရကြောင်း သိရသည်။

လက်ရှိမှာ သဖန်းဆိပ်ဆည်ကနေ မြို့နယ်(၁၀)မြို့ကို ရေပေးဝေးနေပြီး နှစ်စဉ် လျှပ်စစ်မဂ္ဂါဝပ် ၃၀ ကျော် ထုတ်လုပ်ပေးကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required