မူးယစ်စစ်ပွဲကို ဦးစီးရန် ရဲချုပ်သစ်အား ဖိလစ်ပိုင် အစားထိုးခန့်အပ်

မူးယစ်စစ်ပွဲကို ဦးစီးရန် ရဲချုပ်သစ်အား ဖိလစ်ပိုင် အစားထိုးခန့်အပ်

 

မနီလာ၊ ဧပြီ ၂၀။                ။  ဖိလစ်ပိုင်နိုင်ငံတွင် လက်ရှိအထိ လူထောင်ပေါင်းများစွာ သေဆုံးသော သမ္မတဒူတာတေး၏ မူးယစ်နှိမ်နင်းရေး စစ်ပွဲ ဦးစီးအဖြစ်လည်းကောင်း၊ ဖိလစ်ပိုင်အမျိုးသားရဲဌာန ရဲချုပ်အဖြစ်လည်းကောင်း ရိုနယ်ဒီလာရိုဆာနေရာတွင် အော်စကာအယ််လာယေဒီအား ဧပြီ ၂၀ ရက်က အစားထိုးခန့်အပ်ကြောင်း သိရသည်။

မနီလာရထားရဲဌာန ရဲအကြီးအကဲဖြစ်သူ အော်စကာက ယခင်ရဲချုပ်၏ လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရဲဌာနအားလည်း ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်သွားမှာဖြစ်ကြောင်း ရုပ်သံတွင် မိန့်ခွန်း ပြောကြားသည်။

“ပြဌာန်းစည်းမျဉ်းတွေ၊ ပြုပြင်ပြောင်းလဲရေးတွေ၊ ဌာနတွင်း သန့်ရှင်းရေး၊ ရာဇဝတ်မှုတွေနဲ့ တရားမဝင်မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေကို ကျွန်တော်တို့ ပစ်မှတ်ထားသွားပါမယ်။”ဟု အော်စကာက ဆိုသည်။

 ရဲချုပ် ရိုဆာ၏ လက်ထက်တွင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီး ဖမ်းဆီးရာ ခုခံခြင်းအတွက် ပစ်သတ်ခဲ့သူပေါင်းက ၄၁၀၀ ကျော်ရှိပြီး ဖမ်းဆီးနိုင်ခဲ့သူပေါင်း တစ်သိန်းထက် မနည်း ရှိသည်။ ၎င်းလက်ထက် ကာလအတွင်း ရဲဌာနသို့ ကိုယ်တိုင်လာရောက် အညံ့သူပေါင်းက ၁ ဒဿမ ၃ သန်းခန့်ရှိပြီး ရာဇဝတ်ပြစ်မှုဖြစ်ပွားနှုန်းက ၅၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း တရားဝင်အချက်အလက်များအရ သိရသည်။

 အဆိုပါ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲအတွင်း လက်မရွံ့အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် သေဆုံးသူပေါင်း ၃၀၀၀ နီးပါးလည်း ရှိထားပြီး လူ့အခွင့်အရေးအဖွဲ့များက ဖိလစ်ပိုင်၏ မူးယစ်စစ်ပွဲကို အပြင်းအထန် ရှုတ်ချထားကြသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required