မျက်နှာ အစားထိုးမှု နှစ်ကြိမ် ပြုလုပ်ထားခဲ့ရတဲ့ ပြင်သစ်အမျိုးသား

မျက်နှာ အစားထိုးမှု နှစ်ကြိမ် ပြုလုပ်ထားခဲ့ရတဲ့ ပြင်သစ်အမျိုးသား

ဧပြီ ၁၉ ။           ။ ဂျရုမ်း ဟာမွန်းဆိုသူ ပြင်သစ် အမျိုးသားတစ်ဦးကတော့ မျက်နှာ ခွဲစိတ်အစားထိုးမှု နှစ်ကြိမ်အထိ ပြုလုပ်ထားခဲ့ရသူဖြစ်ပြီး အခုအခါမှာ သူဟာ မျက်နှာအသစ်နဲ့အတူ တစ်ဖြည်းဖြည်းချင်း ပြန်ကောင်းလာနေပြီလို့ ဆိုပါတယ်။

လောလောဆယ်ထိတော့ ပါရီမြို့ ဆေးရုံမှာပဲ နေနေရဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးလအကြာတုန်းက ဂျရုမ်းဟာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် မျက်နှာအစားထိုးမှု ခံယူထားရသူဖြစ်ပါတယ်။ ဒါပေမယ့် ခုအခါမှာတော့ မျက်နှာသစ်တစ်ခုနဲ့ သူ လျင်လျင်မြန်မြန်ပဲ ပြန်သက်သာလာနေပြီဖြစ်ပါတယ်။

သူ အခု အစားထိုး တပ်ဆင်ထားတဲ့ မျက်နှာသစ်ကတော့ ချောမွေ့နေပြီး လှုပ်ရှားမှုမရှိပဲ ဖြစ်နေဆဲပါ။ ဒါ့အပြင် သူ့ ဦးခေါင်းခွံ၊ အရေပြားနဲ့ မျက်နှာပုံစံကတော့ အပြည့်အဝ ပေါင်းစပ်ပြီး တစ်သားတည်း ကျဖို့တော့ လိုနေဆဲဖြစ်ပါတယ်။

" ခုကတော့ ကျွန်တော် နေကောင်းပါတယ်၊ ဒီ အခြေအနေကနေ လူကောင်းအတိုင်း အမြန်ဆုံး ပြန်ကောင်းချင်နေပါပြီ" ဆိုပြီး အသက် ၄၃ နှစ်အရွယ် မျက်နှာအစားထိုး ကုသမှုခံယူထားခဲ့ရသူ ဂျရုမ်းက ပြောပြသွားပါတယ်။

ဂျရုမ်းဟာ မျိုးရိုးဗီဇ သန္ဓေပြောင်းလဲမှုတစ်ခုကြောင့် သူ့မျက်နှာမှာ အဖုအကျိတ်တွေ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး မျက်နှာပျက်ယွင်းသွားခဲ့လို့ ခွဲစိတ်ကုသမှုကို မဖြစ်မနေ လုပ်ခဲ့ရသူဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ ၂၀၁၀ တုန်းက ပထမဆုံးအကြိမ် မျက်နှာ အစားထိုးခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခွဲစိတ်မှုက အောင်လည်း အောင်မြင်ခဲ့ပါတယ်။ ဒါပေမယ့် ခွဲစိတ်အစားထိုးပြီးနောက်မှာတော့ သူ့ခန္ဓာကိုယ်က သူ့မျက်နှာသစ်ကို လက်မခံနိုင်ပဲ ဖြစ်ခဲ့ရပါတယ်။

ယင်းနောက်  ၂၀၁၆ မှာတော့ သူရဲ့ မျက်နှာအစားထိုးမှုမှာ ဓာတ်မတည့်တော့တဲ့ လက္ခဏာရပ်တွေ ပေါ်လာပြီး ယင်းနောက် သူ့မျက်နှာသစ်ဟာ ပျက်ဆီးသွားခဲ့ရပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့ နွေရာသီမှာပဲ ဂျရုမ်းဟာ ဆေးရုံကို ပြန်တက်ခဲ့ရပြီး နိုဝင်ဘာလကမှာပဲ သူ့မျက်နှာကို ပြန်လည် ဖယ်ရှားခဲ့ရပါတယ်။

ယင်းနောက် သူဟာ နောက်ထပ် မျက်နှာအလှူရှင်မပေါ်မချင်း နှစ်လလောက် ဆေးရုံမှာ မျက်နှာမရှိဘဲ နေခဲ့ရတယ်။

နောက်ဆုံးမှာတော့ အသက် ၂၂ နှစ်အရွယ် မျက်နှာအလှူရှင်တစ်ဦး ပေါ်လာတဲ့အတွက် ဂျရုမ်းဟာ ခုလိုမျိုး နောက်ထပ် မျက်နှာအစားထိုးမှု လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required