စကားပြေအရေးအသား အမှားပြဿနာ ( ၂ )

စကားပြေအရေးအသား အမှားပြဿနာ ( ၂ )

မနေ့တုန်းက စကားပြေအရေးအသားကိစ္စ ဆွေးနွေးခဲ့ရာမှာ ပညတ်အနက် နဲ့ တွဲဖက်အနက် ကိုဆွေးနွေးခဲ့ပါတယ်။

ပညတ်အနက်ဆိုတာက ကျနော်တို့က အများသဘောတူလက်ခံတဲ့ အမည်နာမသတ်မှတ်ချက်ဖြစ်တဲ့ အရာရာတိုင်းရဲ့ မူရင်းအနက်အဓိပ္ပါယ်ကို ဆိုလိုတာဖြစ်ပြီး အဲဒီပညတ်ထားတဲ့ စကားလုံးကိုပဲ သူနဲ့တွဲဘက်ဖေါ်ပထားတဲ့ စာပိုဒ် ဒါမှမဟုတ် စကာကြောင်းများအပေါ်ထောက်ချင့်ပြီး တွဲဖက်အနက်ကိုဖေါ်ပြတဲ့ စကားလုံးအဖြစ် အသုံးပြုလို့ရတာကို ဆွေးနွေးခဲ့ပါတယ်။

မနေ့တုန်းက ဥပမာပေးဆွေးနွေးခဲ့တဲ့ မိန်းမ ဆိုတဲ့ စကားလုံးကိုပြန်ကောက်ယူပြီး ဆွေးနွေးချင်ပါတယ်။ မိန်းမ လို့ သုံးနှုန်းလိုက်သည့်တိုင် စာရေးသူ ရည်ရွယ်တာက သာမန်မိန်းမမဟုတ်တဲ့ မိန်းမအဖြစ် ရည်ရွယ်လိုရင်းရှိတယ်ဆိုရင် အဲဒီရည်ရွယ်ကို သိဖို့အတွက် အဲဒီမိန်းမကိုပဲ ရည်ညွှန်းပတ်သက်တဲ့ အခြားစကားစုတွေ စာပိုဒ်တွေဟာ အသုံးပြုထားတဲ့ မိန်းမ စကားလုံးရဲ့ရှေ့မှာ နောက်မှာ ပါလာလေ့ရှိပါတယ်။

ဆိုလိုတာက မိန်းမတော့ မိ်န်းမပဲ။ ဒါပေမယ့် အာဂမိန်းမ၊ စိတ်ထားမြင့်မြတ်တဲ့မိန်းမ၊ ချောမောလှပလွန်းတဲ့ မိန်းမဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်တဲ့ စကားစုတွေ စာပို်ဒ်တွေဟာ အဲဒီမိန်းမဆိုတဲ့စကားလုံးနဲ့ ကပ်လျက်ဖြစ်စေ မနီးမဝေးမှဖြစ်စေ ပါလာနေလေ့ရှိပါတယ်။ ဒီိလိုပါလာလို့လည်းပဲ သူသုံးစွဲတဲ့ မိန်းမ ဆိုတဲ့စကားလုံးဟာ တခြား သာမန်မိန်းမတွေနဲ့ မတူတဲ့ မိန်းမပါလားဆိုတဲ့အသိကို စာဖတ်သူတွေ သိလာရတာပါ။

ဥပမာ ရေးပြပါ့မယ်။

ဗိုလ်ချုပ်အောင်ဆန်း၏ ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ်အောင်ဆန်းအပေါ်တွင် ဇနီးဖြစ်သူ၏ တာဝန် ကျေရုံတင်မက ဗိုလ်ချုပ်အောင်ဆန်းဆောင်ရွက်နေသည့် တိုင်းပြည််လွတ်လပ်ရေးကိစ္စများ အောင်မြင်စေရေးတွက် အဖက်ဖက်မှ အနစ်နာခံ ကူညီဖေးမပေးခဲ့သူ ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်းတွင်လည်း မြန်မာအမျိုးကောင်းသမီးပီသစွာ ကွယ်လွန်ချိန်အထိ နေထို်င်သွားခဲ့သူဖြစ်သည်။ ဒေါ်ခင်ကြည်သည်ကား တကယ့်မိန်းမပင်တည်း။

အထက်ပါစာပို်ဒ်မှာ စာပိုဒ်၏ နောက်ဆုံးစာကြောင်းတွင်ပါရှိသည့် တကယ့်မိန်းမ ဟူသည်စကားလုံး အသုံးပြုနိုင်ရေးအတွက် စာဖတ်သူက ယင်းမိန်မ ဟူသည့်စကားလုံးနှင့် တွဲဖက်ပါရှိနေသည့် တွဲဖက်အနက် သို့မဟုတ် ဂယက်အနက်ကို ဖေါ်ညွှန်းသည့်စာကြောင်းများ ပါရှိနေသည်ကို တွေ့ကြရမှာပါ။ ဒီလောက်ဆိုရင် ပညတ်အနက်နဲ့ တွဲဖက်အနက် အကြောင်း နားလည်နိုင်လောက်ပါပြီး။

အခု ဆက်ပြီးဆွေးနွေးမှာကတော့ စကားပြေရေးတဲ့အခါ ဘာကိုရည်ရွယ်ပြီး ရေးတာဖြစ်သလဲဆိုတဲ့အချက်အပေါ် ဆွေးနွေးချင်ပါတယ်။

စကားပြေရေးကြတဲ့အခါ စာရေးသူဟာ ရည်ရွယ်ချက် ရှိရမယ်။ အဲဒီရည်ရွယ်ချက်ထဲမှာ သီးခြားမတူကွဲပြားတဲ့ရည်ရွယ်ချက် ခြောက်မျိုးရှိတယ်လို့ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က ရေးဖူးပါတယ်။ ဒီကနေ့ ကျနော်တို့ဆွေးနွေးမယ့် အချက်တွေထဲမှာ ဆရာကြီးမောင်ခင်မင်ရဲ့ အဲဒီရည်ရွယ်ချက် ခြောက်ချက်အပေါ် မူတည်ပြီး ကျနော်နားလည်သလို အသေးစိပ်ထပ်မံဆွေးနွေးသွားမှာပါ။

ပထမဆွေးနွေးချင်တဲ့အချက်က ဗဟုသုတပေးချင်တဲ့ရည်ရွယ်ချက်နဲ့ စကားပြေချရေးတာဖြစ်တယ်ဆိုတဲ့အချက်ကို ဆွေးနွေးချင်ပါတယ်။

ဆိုပါစို့။ ကျနော်တို့ဟာ မေခနဲ့ မလိခ မြစ်ဆုံကိုသွားကြတဲ့အခါ အဲဒီနေရာကို မရောက်ဖူးသေးသူတွေ။ ရောက်ဖူးသည့်တိုင် သတိမထားခဲ့သူတွေ သိရလေအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတဲ့အချက်အလက် တချို့ ရှိပါတယ်။ ဥပမာ ဧရာဝတီမြစ်ဟာ မိုင် ၁၃၀၀ ကျော်ရှည်လျားတဲ့မြစ်ဖြစ်တယ်။ မြန်မာနိုင်ငံထဲမှာပဲ စတင်စီးဆင်းပြီး မြန်မာပြည်ထဲမှာပဲ ပင်လယ်ကြီးထဲစီးဝင်တဲ့ အမျိုးသားပိုင်မြစ်ဖြစ်တယ်။ တချိန်တုန်းက ဧရာဝတီမြစ်ကို ဆင်မြစ် လို့နာမည်ပေးခဲ့ကြဖူးတယ်။ ကမ္ဘာပေါ်က ဘယ်မြစ်တွေမဆို ရေခဲတောင်တွေဆီက အရည်ပျော်ကျတဲ့ရေ၊ ဒါမှမဟုတ် မြေအောက် အလိုအလျောက်စီးဆင်းနေတဲ့ ရေစီးကြောင်းတွေ၊ မိုးရေတွေ ဆိုတဲ့ အချက်သုံးချက်အပေါ် မူတည်စီးဆင်းကြရတာ ဖြစ်ပြီး ဧရာဝတီမြစ်ကတော့ ရေခဲတောင်က အရည်ပျော်ကျတဲ့ ရေအပြင် အလိုအလျောက် မြေအောက်ရေစီးကြောင်းတွေဆီက ရတဲ့ရေအပေါ်မူတည်ရှင်သန်တဲ့ မြစ်တစ်စင်းဖြစ်တဲ့အကြောင်းတွေကို စာဖတ်သူတွေကို သိစေလိုတဲ့ တနည်းအားဖြင့်ပြောရရင် ဗဟုသုတပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတာဖြစ်ပါတယ်။ ဒါကို ဗဟုသုတပေးရန် ရည်ရွယ်ပြီးရေးတဲ့စာလို့ ဆိုလိုပါတယ်။

ဗဟုသုတပေးလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စာဆိုတာ အချက်အလက်ကိုအခြေခံပါတယ်။ ဥပမာ မြေအောက်မှာ ငလျင်ပြတ်ရွေ့ကြီးများအကြောင်း၊ ကွန်ပျူတာအကြောင်း၊ ပုဂံခေတ် ပန်းပုလက်ရာများအကြောင်း၊ ကာတွန်းရေးနည်းအကြောင်း၊ ပဲခူးမြို့အကြောင်း၊ အစရှိတဲ့အချက်တွေအပေါ်မူတည်ပြီးရေးတဲ့စာတွေဟာ ဗဟုသုတပေးလို့တဲ့ ရည်ရွယ်ချက်နဲ့ရေးတဲ့ စာတွေပါပဲ။

နောက်ထပ်ရည်ရွယ်ချက်တစ်ခုဆီသွားကြရအောင်ပါ။ ကျိုးကြောင်းပြဆိုလိုတဲ့ ရည်ရွယ်ချက်နဲ့ရေးတဲ့စာပါပဲ။ ဒါကတော့ စာဖတ်သူ လက်မခံ မယုံကြည်တဲ့ ကိစ္စတစ်ခုခုကို ယုံကြည်လက်ခံလာအောင် အကျိုးနဲ့အကြောင်းနဲ့ ရှင်းပြလိုတဲ့ရည်ရွယ်ချက်နဲ့ ရေးတဲ့စာပါပဲ။ ကျိုးကြောင်းပြလိုတဲ့ရည်ရွယ်ချက်ပါပဲ။ အကျိုးသင့်အကြောင်းသင့် ရှင်းပြလိုတဲ့ရည်ရွယ်ချက်ပါပဲ။

ဥပမာ ကမ္ဘာကြီးလုံးတဲ့အကြောင်း မယုံကြည်သူတွေအတွက် ကမ္ဘာကြီးလုံးဝန်းတယ်ဆိုတာ သက်သေသက္ကာယအချက်အလက် ခိုင်ခိုင်မာမာနဲ့ ရှင်းလင်းပြဆိုတဲ့ စာဟာ ကျိုးကြောင်းပြဆိုလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စာပါပဲ။ ဒါ့အပြင် ကမ္ဘာမြေကြီးမှာ ဆွဲငင်အားရှိတယ်ဆိုတဲ့အချက်ကို နားမလည်လက်မခံသူတွေအတွက် ကမ္ဘာကြီးမှာ ဆွဲငင်အားရှိတာအမှန်ပဲဆိုတာသိအောင် လက်ခံလာရလေအောင် တိကျမှန်ကန်ရှင်းလင်းတဲ့ အချက်အလက်တွေနဲ့ ရေးတဲ့စာဟာလည်း ကျိုးကြောင်းပြဆိုလိုတဲ့ရည်ရွယ်ချက်နဲ့ရေးတဲ့စာပါပဲ။

ကဲ ဒီကနေ့တော့ စာရေးတဲ့အခါ စကားပြေရေးတဲ့အခါ စာရေးသူမှာ ဘာ့ကြောင့်ရေးတယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးတယ်ဆိုတာ ရှင်းရှင်းလင်းသိရှိထားဖို့လိုအပ်ကြောင်း ပဏာမအနေနဲ့ ဆွေးနွေးလိုက်ပါတယ်။ ဗဟုသုတပေးလိုတဲ့ရည်ရွယ်ချက်၊ ကျိုးကြောင်းပြဆိိုလိုတဲ့ရည်ရွယ်ချက်ဆိုတဲ့ ရည်ရွယ်ချက်နှစ်ခုကို ဆွေးနွေးခဲ့ပါတယ်

နောက်နေ့တွေမှာ ကျနော်တို့ စာရေးမယ်ဆိုရင် ရည်ရွယ်ချက်ရှိရမယ်၊ အဲဒီရည်ရွယ်ချက်မှာ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ရေးကြမလဲဆိုတဲ့အချက် ဆက်လက်သွားပါဦးမယ်။

လူငယ်များ မြန်မာစာအရေးအသား မှန်ကန်လှပ နိုင်ကြပါစေ။

အပိုင်း(၁)အား ဖတ်ရန်-http://www.mizzimaburmese.com/article/38969

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly