ပလက်စတစ် စား အင်ဇိုင်းတစ်မျိုးကို သိပ္ပံပညာရှင်များ မတော်တဆ ဖန်တီးမိ

ပလက်စတစ် စား အင်ဇိုင်းတစ်မျိုးကို သိပ္ပံပညာရှင်များ မတော်တဆ ဖန်တီးမိ

 

ဧပြီ ၁၉ ။          ။ ပလက်စတစ်များကို စားသည့် အင်ဇိုင်းတစ်မျိုးကို ဗြိတိန်နှင့် အမေရိကန်တို့မှ သုသေတီတို့ မတော်တဆ ဖန်တီးတွေ့ရှိခဲ့ကြောင်း သိရသည်။ ယင်း အင်ဇိုင်း ရှာဖွေတွေ့ရှိမှုကြောင့် လက်ရှိ ကမ္ဘာပေါ်တွင် တိုးပွားဖြစ်ထွန်းနေသော ပလက်စတစ် ညစ်ညမ်းမှု ပြဿနာကို ကူညီဖြေရှင်းပေးနိုင်မည့်အပေါ် မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်သည်။

နှစ်စဉ်နှစ်တိုင်း ပလက်စတစ် တန်ချိန်ရှစ်သန်းကျော် ကမ္ဘာ့ သမုဒ္ဒရာတွေထဲ စုပုံရောက်ရှိနေလျက်ရှိရာ ယင်းပလက်စတစ် ညစ်ညမ်းမှုကြောင့် လူသားတို့နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဘေးဖြစ်စေနေသည့်အပေါ် စိုးရိမ်ပူပန်မှုများ တိုးမြှင့်ဖြစ်ပေါ်နေလျက်ရှိသည်။

အဆိုပါ ပလက်စတစ်များကို recycle လုပ်ရန် အားထုတ်မှုများ ရှိခဲ့သော်ငြားလည်း ပလက်စတစ်အများစုမှာ သဘာဝပတ်ဝန်းကျင်စနစ်တွင် နှစ်ပေါင်းများစွာကြာ မပျက်မစီးဘဲ ရှိနေနိုင်သည့်အတွက် သုတေသီများအနေဖြင့် ယင်းတို့ကို အဆုံးစွန် ပျက်စီးသွားစေမည့် နည်းလမ်းများကို ရှာဖွေနေကြရလျက်ရှိသည်။

ယခုအခါ ပို့စ်မောက်သ် တက္ကသိုလ်နှင့် အမေရိကန် စွမ်းအင်ဌာနတို့မှ သိပ္ပံပညာရှင်တို့က ပြီးခဲ့သည့်နှစ်အတွင်း ဂျပန်တွင် တွေ့ရှိထားခဲ့သည့် သဘာဝအရ ဖြစ်ပေါ်သော ဘက်တီးရီးယားတစ်မျိုးကို အလေးထားလေ့လာစမ်းသပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။

Ideonella sakaiensis ဟုသိကြသည့် ဘက်တီးရီးယား က ပလက်စတစ် ဗူးခွက်များ ပြုလုပ်ရာတွင် အသုံးပြုသည့် polyethylene terephthalate (PET) ဟုသိကြသည့် ပလက်စတစ်အမျိုးအစားတစ်မျိုးကို စားသုံးပစ်နိုင်သည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

ယင်းအချိန်က သုတေသီတို့၏ ရည်မှန်းချက်မှာ အထက်ပါဘက်တီးရီးယားဖြင့် ပြုပြင်ဖန်တီးထုတ်လုပ်လိုက်သည့် PETase ဟု ခေါ်သော အင်ဇိုင်းမှာ မည်မျှ အလုပ်ဖြစ်သနည်း ဆိုသည်နှင့် လေ့လာရန်ပင်ဖြစ်ခဲ့သည်။

သို့သော် ၎င်းတို့မှာစမ်းသပ်မှု နောက်တစ်ဆင့်သို့ပင် တက်လှမ်းနိုင်ခဲ့ပြီး ယင်းနောက် PET ပလက်စတစ်များကို ပိုမိုကောင်းကောင်း ချေဖျက်ပစ်နိုင်စွမ်း ရှိသည့် အင်ဇိုင်းကို မတော်တဆ ဖန်တီးမိလျက်သား ဖြစ်ခဲ့ရသည်ဟု သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required