တောင်ဆူဒန်၌ ကလေးစစ်သား ၂၀၀ ကျော် လွတ်မြောက်

တောင်ဆူဒန်၌ ကလေးစစ်သား ၂၀၀ ကျော် လွတ်မြောက်

 

လာဂို့စ်၊ နိုင်ဂျီးရီးယား၊ ဧပြီ ၁၉ ။                                ။ တောင်ဆူဒန်နိုင်ငံ၌ ကလေးစစ်သား ၂၀၀ ကျော်ခန့်ကို လွတ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခဲပြီဖြစ်ကြောင်း ယူနီဆက်ဖ် (ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့)က ကြေညာခဲ့သည်။

ယောင်္ကျားလေး ၁၁၂ ဦးနှင့် မိန်းကလေး ၉၅ ဦးတို့ပါ၀င်သော ကလေးစစ်သားအဖွဲ့ကို အင်္ဂါနေ့၌ နိုင်ငံအနောက် တောင်ပိုင်းအရပ်ရှိ ယမ်ဘီယိုမြို့၌ ပြုလုပ်ခဲ့သော အထူးလက်နက်စွန့်လွှတ်ပွဲ၌ လွှတ်ပေးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယူနီဆက်ဖ်အဖွဲ့၏အဆိုအရသိရသည်။

ရေနံပေါကြွယ်ဝသော တောင်ဆူဒန်နိုင်ငံ၌ လွန်ခဲ့သော ၂၀၁၃ခုနှစ်ကစတင်ပြီး ပြည်တွင်းစစ်ဖြစ်ပွားခဲ့သည့် အချိန်မှစတင်၍ ကလေးသူငယ်ထောင်ပေါင်းများစွာသည် စစ်တပ်နှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များထဲသို့ ၀င်ရောက်ရန် အတင်းအဓမ္မစေခိုင်းခံခဲ့ရသည်။

ကုလသမဂ္ဂအဖွဲ့၏အဆိုအရ ကလေးသူငယ် ၁၉၀၀၀ ခန့်သည် တောင်ဆူဒန်နိုင်ငံအတွင်းရှိ လက်နက်ကိုင် တပ်ဖွဲ့များထဲ၌ တာဝန်ထမ်းဆောင်နေရကြောင်း သိရသည်။

“ဘယ်ကလေးငယ်ကမှ လက်နက်ကိုင်စွဲပြီး တိုက်ခိုက်နေရတာမျိုးမဖြစ်သင့်ပါဘူး” ဟု တောင်ဆူဒန်ရှိ ယူနီဆက်ဖ်အဖွဲ့ခွဲမှ အကြီးအကဲဖြစ်သူ မာဟင်ဘိုအမ်ဒိုးက ပြောခဲ့သည်။

 “ဒီနေ့ဟာ လွတ်မြောက်လာတဲ့ ကလေးသူငယ်အားလုံးအတွက် ဘဝသစ်ကိုပြန်စမယ့် နေ့လေးပဲဖြစ်ပါတယ်” ဟု မာဟင်ဘိုအမ်ဒိုးက ဆိုခဲ့သည်။

“ကလေးသူငယ်တွေအားလုံး သူတို့တွေရဲ့ မိသားစုတွေဆီကို ပြန်သွားပြီး တောက်ပတဲ့ဘဝသစ်တွေကို ပြန်လည်စတင်နိုင်အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် ကျနော်တို့ဂုဏ်ယူမိပါတယ်” ဟု သူက ဆိုခဲ့သည်။

ကလေးသူငယ်များသည် တောင်ဆူဒန်အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု (SSNLP) နှင့် ဆူဒန်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ ( SLPA) တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း မှတ်တမ်းများက ဖော်ပြနေသည်။ ကုလသမဂ္ဂ၏အဆိုအရ ကလေးငယ် တစ်သန်းခန့်သည် ပဋိပက္ခများကိုရှောင်ရှားနိုင်ရန် တောင်ဆူဒန်မှထွက် ပြေးပြီး အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ခိုလှုံနေရကြောင်း သိရသည်။

ကုသလမဂ္ဂအေဂျင်စီသည် ပြည်တွင်းစစ်ပဋိပက္ခအတွင်း၌ ပါ၀င်ကြသောအဖွဲ့များအားလုံးအနေဖြင့် အပြည် ပြည်ဆိုင်ရာဥပဒေနှင့်တစ်ပြေးညီ ကလေးစစ်သားများအသုံးပြုခြင်းကို ရပ်ဆိုင်းကြဖို့ တောင်းဆိုလျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required