ဗီယက်နမ်အလုပ်သမား အမြောက်အမြား တရုတ်သို့ တရားမဝင် သွားရောက်အလုပ်လုပ်

ဗီယက်နမ်အလုပ်သမား အမြောက်အမြား တရုတ်သို့ တရားမဝင် သွားရောက်အလုပ်လုပ်

လောင်ချိုင်း၊ သြဂုတ် ၂၉ ။       ။ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပြည်နယ်များမှ အလုပ်သမားထောင်ပေါင်းများစွာသည် ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်လုပ်ကိုင်နေကြသည်။ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း တောင်ထူထပ်ရာ လောင်ချိုင်းပြည်နယ်၏ အလုပ်သမားနှင့် လူမှုရေးဆိုင်ရာဋ္ဌာနမှ စာရင်းများအရ နှစ်စဉ် ယင်းပြည်နယ်မှ အလုပ်သမား ၄,၀၀၀ခန့်သည် တရုတ်သို့ ထွက်ခွာနေ သည်ဟု ဆိုသည်။

မောင်းအန်းခရိုင် ဘန်လောင်တွင်နေထိုင်သော ကွန်ဗန်တင်းဆိုသူက တရုတ်တွင် ရှိနေသည့် အချိန်ကို သတိရတိုင်း ဒေါသထွက်နေလေ့ရှိသည်။ ပွဲစားတစ်ဦး၏ ဆွဲဆောင်ခံရပြီးနောက် တင်နှင့် ၎င်း၏ဇနီးတို့သည် ကလေးများကို မိဘများနှင့်အတူထားခဲ့ပြီး အလုပ်လုပ်ရန် တရုတ်သို့ ထွက်ခွာခဲ့သည်။

"ပွဲစားတွေက ကျွန်တော်တို့ကို လိမ်တာပါ။ ကျွန်တော်တို့ ပိုက်ဆန်ဘယ်လောက်ရမည်ဆိုတာ မပြောဘဲ တရုတ်ကိုသွားချင်အောင်စည်းရုံးခဲ့တာပါ "ဟု ၎င်းကvon.vn သို့ပြောသည်။" လတိုင်း သူတို့က ကျွန်တော်တို့ကို ဗီယက်နမ်ငွေ ဒေါင်ထောင်ပေါင်းများစွာပေးပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ကုန်ကျစရိတ်ကို မကာမိပါဘူး "ဟု ၄င်ကဆိုသည်။ ထို့အပြင် တစ်နေ့လျင် ၁၂ နာရီအလုပ်လုပ်ရကြောင်း လည်းတင်ကပြောသည်။

တရုတ်တွင် လေးလအလုပ်လုပ်ပြီးနောက် တင်တို့လင်မယား ဒေါင် ၃၀၀,၀၀၀(အမေရိကန်ဒေါ်လာ ၁၃ဒသမ၃)ဖြင့် အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ ယခုအခါ၎င်းတို့အနေဖြင့် တရုတ်သို့မသွားမီချေးယူ ခဲ့သောဒေါင်ငါးသန်း (ဒေါ်လာ၂၂၂)ကို ပေးဆပ်ရန် ရုန်းကန်နေရပြီး လစဉ်အတိုးပင်လျင် ဒေါင် ၇၅၀,၀၀၀(ဒေါ်လာ၃၃)ပေးရမည်ဖြစ်သည်။

စဒိန်ဘိန်ပြည်နယ်တစ်ခုပင်လျင် ယခုနှစ် ပထမ ခုနှစ်လအတွင်း အလုပ်လုပ်ရန်ပြည်ပနိုင်ငံများသို့ တရားမဝင်သွားရောက်ခဲ့သူ အလုပ်သမား ၇၀၀ကျော်ရှိသည်ဟု သတင်းရရှိသည်။

ယင်းအလုပ်သမားများမှ အဓိကအားဖြင့် မောင်နှဲ၊နမ်ပို၊မောင်အန်းနှင့် ဒိန်ဘင်ဒေါင်ခရိုင်တို့မှ ဖြစ်သည်ဟု သိရသည်။ အခြားနိုင်ငံများသို့ အလုပ်သမားများ တရားမဝင်အလုပ်သွားရောက်လုပ်ကိုင်ခြင်းမှာ စိုက်ပျိုးစရာမြေမရှိသောကြောင့်ဖြစ်သည်ဟု ယုံကြည်ရသည်။

လုပ်ခငွေကောင်းစွာမရဘဲ၊ ပြင်းထန်သည့်မတော်တဆမှုများရှိနေသော်လည်း ၎င်းတို့ရှိနေသည့် နိုင်ငံ၏ ဥပဒေကို မသိသဖြင့် လူအများအပြားမှာ ပြည်ပတွင် တရားမဝင်ဆက်လက်လုပ်ကိုင်နေသည်။

ဒေသခံပြည်သူများ ဆင်းရဲခြင်းမှ လွတ်မြောက်ရန်နှင့် ပြည်ပသို့တရားမဝင်သွားရောက်လုပ်ကိုင်ခြင်းမှ တားဆီးရန် အရေးယူဆောင်ရွက်မှုများပြုလုပ်ရေး ဒိန်ဘင်ဒေါင်ခရိုင် ဒု-အကြီးအကဲ ဟွန်ဗန်ဟိုင် ကတောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required