ရန်ကုန်၊ ဧပြီ ၁၈ ။ ။ အင်းဒင်ကျေးရွာက ဘင်္ဂါလီ ဆယ်ဦးအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် တပ်မတော် အရာရှိ လေးဦး နှင့် အခြားအဆင့် သုံးဦးတို့ သမ္မတ၏လွတ်ငြိမ်း ချမ်းသာခွင့်နှင့် ပြန်လွှတ်လိုက်သည်မှာ မဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောဆိုလိုက်သည်။
“ ထောင်ဒဏ် (၁၀)နှစ်စီ မကြာသေးခင်က ကျခံခဲ့ရတဲ့ စစ်တွေထောင်က တပ်မတော်သား အရာရှိ/စစ်သည် (၇)ဦး နိုင်ငံတော်သမ္မတ ရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်မှာ ပါဝင်တယ် ဆိုတဲ့ သတင်း မဟုတ်ပါ။ သတင်းမှား ဖြစ်ပါတယ် " ဟု ၄င်းကပြောသည်။
လူမှုကွန်ယက်ပေါ်တွင် ပျံ့နှံ့နေပြီးနောက် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ဦးဇော်ဌေးက ၄င်း၏ လူမှုကွန်ယက်ဖြစ်သည့် Facebook မှတစ်ဆင့် ပြန်လည်ဖြေရှင်းခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် မောင်တော အင်းဒင်ကျေးရွာက ဘင်္ဂါလီ ဆယ်ဦးအား သတ်ဖြတ်ရာတွင် ပါဝင်ခဲ့သည့် တပ်မတော် အရာရှိ လေးဦး နှင့် အခြားအဆင့် သုံးဦးတို့အား တပ်မတော်မှ ထုတ်ပယ်ပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် ဆယ်နှစ် အား နယ်ဘက်အကျဉ်းထောင်များတွင် ကျခံစေရန် အမိန့်ချမှတ်ထားခြင်းလည်းဖြစ်သည်။
အဆိုပါ ဥပဒေမဲ့ပြစ်မှုကျူးလွန်ခဲ့ကြသူများအနက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အရပ်သားများအား သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများနှင့်အညီ အရေးယူဆဲဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။