ခံနိုင်ရည်ဝန်နည်း ကြိုးတံတား ၃ စင်း အတွက် အစားထိုးကြိုးတံတား ၃ ခု ထပ်ဆောက်မည်

ခံနိုင်ရည်ဝန်နည်း ကြိုးတံတား ၃ စင်း အတွက် အစားထိုးကြိုးတံတား ၃ ခု ထပ်ဆောက်မည်
ဓာတ်ပုံ-ပြည့်ြဖြိုးနောင်(ကော့ကရိတ်)

ရန်ကုန်၊ ဧပြီ ၁၈ ။          ။ ခံနိုင်ရည်ဝန်နည်းနေသည့် ကရင်ပြည်နယ်နှင့် မော်လမြိူင်တို့ရှိ ကြိုးတံတား ၃ စင်းကို အစားထိုး ကြိုးတံတား ၃ ခုကို ထပ်မံ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ကရင်ပြည်နယ်ရှိ ဂျိုင်း (ကော့ကရိတ်) တံတား၊ ဂျိုင်း (ဇာသပြင်) တံတားနှစ်ခုနှင့် မော်လမြိုင်ရှိ  အတ္တရံ မြစ်ကူးတံတား တို့အတွက်  အစားထိုးဆောက်လုပ်မည်ဖြစ်ပြီး မြောင်းမြကြိုးတံတား ပြတ်ကျပြီးနောက် ကြိုးတံတား ၃ စင်းကို အစားထိုးပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်သည်။

“ ဂျိုင်း (ကော့ကရိတ်) တံတားရယ်၊ ဂျိုင်း (ဇာသပြင်) တံတားရယ်လေ။ နောက်ပြီးတော့ မော်လမြိုင်က  အတ္တရံ မြစ်ကူးတံတားရယ် မြစ်ကူးတံတားသုံးစင်းက ဂျိုက်ကာအကူအညီနဲ့ တံတားတွေပြန်ဆောက်ဖို့   စီစဉ် ဆောင်ရွက်နေပါတယ်။ ဂျိုက်ကာ အကူအညီနဲ့ ပြန်ဆောက်မှာက ကြိုးတံတားတွေပဲ။ သို့ပေမယ့်လို့ အရင်အစည်းအဝေးမှာတော့ ဂျိုက်ကာက ပညာရှင်တွေမေးကြည့်တော့ နှစ် ၁၀၀ ခံနိုင်အောင် ဆောက်ရမယ် ဆိုလို့ အဲ့လိုတော့ ပြောသွားတယ်ဗျ ” ဟု ကရင်ပြည်နယ်၊ ဘားအံခရိုင်အင်ဂျင်နီယာဖြစ်သူ ဦးကျော်သူရက အတည်ပြုပြောသည်။

တစ်နိုင်ငံလုံးတွင် မြောင်းမြကြိုးတံတား အပါအဝင် စုစုပေါင်း ကြိုးတံတား အစင်း ၃၀ ရှိပြီး ဧပြီလ ၁ ရက်နေ့ နံနက်ပိုင်းက မြောင်းမြမြို့နယ်၊ ကြိုးတံတားမှာ မြောင်းမြဘက်ကမ်း ဆိုင်းကြိုး ပြတ်တောက် ကာ တံတားပြတ်ကျခဲ့ပြီး ကုန်ကားတစ်စီးနှင့် လူနှစ်ဦး ရေထဲမျောပါပြုတ်ကျခဲ့ပြီး လူသေဆုံးမှု ဖြစ်ပေါ်ခဲ့သည်။

ဧပြီလ ၁၇ ရက် က နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် “ တစ်နိုင်ငံလုံးရှိ ကြိုးတံတား ၂၉ စင်းကိုလည်း ၃ လအတွင်း နိုင်ငံခြားပညာရှင်များနှင့်အတူ အသေးစိတ်စစ်ဆေးပေးမည် ဖြစ်ပါတယ်။ ယင်းတို့အထဲမှ အန္တရာယ် ရှိနိုင်တဲ့ ကြိုးတံတားများကို (၆) လအတွင်း ဦးစားပေးအစီအစဉ်ဖြင့် ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်”ဟု ထည့်သွင်းပြောကြားထားသည်။

လက်ရှိတွင် သထုံ - ဘားအံ - ကော့ကရိတ် - မြဝတီ လမ်းပေါ်ရှိ  ဂျိုင်း(ကော့ကရိတ်)  ကြိုးတံတား ၏ သက်တမ်းနှင့် ခံနိုင်ဝန်အင်အား လျော့နည်းလာမှုကြောင့် ၁၃တန်အထိကားများကိုသာ ဖြတ်သန်းခွင့်ပြုထား သည်။ ထို့အပြင် ခံနိုင်ဝန်အားလျော့နည်းလာမှုကြောင့် ဂျိုင်း (ဇာသပြင်) တံတား ကိုလည်းလက်ရှိတွင် တန် ၂၀ အထိသာခွင့်ပြုထားကြောင်း ဘားအံခရိုင် အင်ဂျင်နီယာဖြစ်သူ ဦးကျော်သူရကပြောသည်။

ဂျိုင်း(ကော့ကရိတ်)  ကြိုးတံတားအတွက် အစားထိုးတံတားသစ်ကိုတည်ဆောက်ရန် မလွတ်ကင်းသည့် လယ်ယာမြေများအတွက် လျော်ကြေးငွေကို တွက်ချက်နေကြောင်းလည်း သိရသည်။

“ ဂျိုင်းတံတား ကြားနဲ့ Pontoon တံတားနဲ့ ကပ်ရပ်ပဲ။ နောက်ထပ်ကြိုးတံတားတစ်ခုပေါ့။ အသစ်တစ်ခု ပြန်ဆောက်မယ် ဆိုတော့ မပြင်တော့တာပေါ့။ ကျွန်တော်တို့ သိတာတော့ ဒီ ၂၀၁၈ အတွင်းမှာ စမယ်လို့ ပြောတယ်။ အခုဘတ်ဂျက်လဆိုတော့ ၀င်ပြီပေါ့နော် စတော့မယ်ထင်တယ် ” ဟု ကော့ကရိတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ဦးမင်းကိုခိုင် ကပြောသည်။

အသစ်တည်ဆောက်မည့် တံတား၃ စင်းသည် နိုင်ငံတကာဆိုင်ရာ ဆက်သွယ်ရေး အမြန်လမ်းမကြီး စီမံကိန်းအရ မြန်မာ-ထိုင်း နှစ်နိုင်ငံ စီမံကိန်း၏ အရှေ့အနောက် စီးပွားရေး စင်္ကြန်လမ်း စီမံကိန်းထဲတွင် ပါနေသည်။

အဆိုပါစီမံကိန်းအရ မွန်နှင့် ကရင်ပြည်နယ်ရှိ သထုံမြို့ရှောင်လမ်းနှင့် ဒုံသမိ တံတား၊ နောင်လုံ တံတား၊ ဂျိုင်း-ကော့ကရိတ် တံတား၊ ဂျိုင်း-ဇာသပြင် တံတား၊ အတ္တရံ တံတား၊ ကျားကလေး မြို့ရှောင်လမ်း၊ ကော့ကရိတ်နှင့် မြဝတီကြားတွင် ဥမင်လိုဏ်ခေါင်း အသစ် တည်ဆောက်ခြင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required