ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ နေမာ

ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားနိုင်ဖို့ မျှော်လင့်နေတဲ့ နေမာ

မေလ ဒုတိယပတ်အထိ ဘောလုံးပြန်ကစားနိုင်ဦးမှာမဟုတ်ပေမယ့် ဇွန်လမှာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ဘရာဇီးအသင်းနဲ့အတူကစားချင်တယ်လို့ နေမာက ပြောဆိုလိုက်ပါတယ်။

ပြင်သစ်ကလပ် PSG ကစားသမား နေမာဟာ ဖေဖော်ဝါရီ ၂၅ ရက်က မာဆေးနဲ့ကစားခဲ့တဲ့ ပြင်သစ်လိဂ် ၁ ပွဲစဉ်မှာ ညာဘက် ခြေဖဝါးရိုးကျိုးသွားခဲ့လို့ ခွဲစိတ်ကုသခံထားရသူပါ။

ဒဏ်ရာပျောက်ကင်းမယ့်ရက်က မေ ၁၇ ရက်လို့သတ်မှတ်ထားပေမယ့် အတိအကျပြောလို့မရနိုင်ဘဲ သူ့အတွက်ကျော်ဖြတ်ရမယ့် အခက်အခဲတစ်ခုဖြစ်တယ်လို့ ကမ္ဘာ့စျေးအကြီးဆုံးကစားသမားလည်းဖြစ်တဲ့ နေမာက ပြောပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲကတော့ ဇွန် ၁၄ ရက်မှာစတင်မှာဖြစ်ပြီး ဘရာဇီးအသင်းဟာ ဇွန် ၁၇ မှာ ဆွစ်ဇာလန်အသင်းနဲ့ အဖွင့်ပွဲ ကစားရမှာဖြစ်ပါတယ်။

“ကမ္ဘာ့ဖလားပြိုင်ပွဲကို တီဗီကနေပဲ မကြည့်ရဖို့ မျှော်လင့်ပါတယ်။ ဒဏ်ရာကပြန်ကောင်းလာတဲ့အခါ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် ရပါတယ်။ ဒါကြောင့် ဘရာဇီးအသင်းမှာ ရွေးချယ်ခံရဖို့ မျှော်လင့်ပါတယ်။ ဒဏ်ရာကသက်သာလာရင် ကျွန်တော့်ခြေစွမ်းလည်း အရင်ထက် ပိုကောင်းလာမှာပါ” လို့ နေမာက ပြောပါတယ်။

နေမာရဲ့ ဒဏ်ရာကို မတ်လ ၃ ရက်မှာ ခွဲစိတ်ခဲ့တဲ့ ဘရာဇီးအသင်းဆရာဝန်ကတော့ ကစားသမားအနေနဲ့ နှစ်လခွဲ၊ သုံးလလောက် နားရနိုင်တယ်လို့ ပြောဆိုထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required