အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တိုက်ရိုက် ဆက်သွယ်ပြောဆိုမှု ရှိခဲ့ဟု ထရမ့် ထုတ်ဖော်

အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တိုက်ရိုက် ဆက်သွယ်ပြောဆိုမှု ရှိခဲ့ဟု ထရမ့် ထုတ်ဖော်

ဧပြီ ၁၈ ။            ။ အမေရိကန်နှင့် မြောက်ကိုရီးယားအကြား တိုက်ရိုက် ဆက်သွယ်ပြောဆိုမှု အချိတ်အဆက်တွေ ရှိခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ဖော်အတည်ပြုသွားပါတယ်။

အဆိုပါ နှစ်ဘက်အကြား တိုက်ရိုက် ချိတ်ဆက်ပြောဆိုမှုတွေဟာ ကိုရီးယားစစ်ပွဲကို အဆုံးသတ်စေအောင် ရည်ရွယ်တဲ့ ဆွေးနွေးမှုတွေဖြစ်ကြောင်း ထရမ့်က အမွှမ်းတင် ပြောကြားသွားပါတယ်။

" ကမ္ဘာ့ ပြဿနာကြီးတစ်ရပ်ကို ဖြေရှင်းနိုင်မယ့် မဟာအခွင့်အရေးတစ်ခုက လက်တစ်ကမ်းအကွာမှာ ရှိနေပြီဖြစ်ပါတယ်" ဆိုပြီး ထရမ့်က နိုင်ငံကို ရောက်ရှိလာတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံစဉ် ပြောသွားပါတယ်။

လက်ရှိအချိန်မှာ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့ တိုက်ရိုက် ပြောဆိုဆက်သွယ် စကားပြောဆိုမှုမျိုး မရှိသေးကြောင်း အိမ်ဖြူတော်က ပြောပါတယ်။

ဒါပေမယ့်လည်း ၎င်းတို့နှစ်ဦးအကြား သမိုင်းဝင် တွေ့ဆုံမှုတစ်ရပ် ပြုလုပ်ဖို့ အကြိုပြင်ဆင်တဲ့အနေနဲ့ ၀ါရှင်တန်နဲ့ ပြုံယမ်းအကြား အဆင့်မြင့်လယ်ဗယ် တိုက်ရိုက် ဆက်သွယ်ပြောဆိုမှု ရှိခဲ့ကြောင်း ထရမ့်က အတည်ပြုပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အမေရိကန် CIA ဒါရိုက်တာ Mike Pompeo ဟာ ဧပြီလ ပထမသီတင်းကုန်မှာ မြောက်ကိုရီးယားကို လျှို့ဝှက်ခရီးတစ်ခု သွားခဲ့ကာ ကင်မ်နဲ့ တွေ့ဆုံခဲ့တယ်ဆိုပြီး ၀ါရှင်တန်ပို့စ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

အဆိုပါ သတင်းဖော်ပြချက်နဲ့ပတ်သက်လို့ အိမ်ဖြူတော်ကရော၊ CIA ကပါ မှတ်ချက်ပြုဖို့ ငြင်းဆန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags