Southwest Airlines လေယာဉ် အင်ဂျင်ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် ၁ ဦး သေဆုံး

Southwest Airlines လေယာဉ် အင်ဂျင်ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် ၁ ဦး သေဆုံး

ဧပြီ ၁၈ ။           ။ အမေရိကန် Southwest Airlines မှ ခရီးသည်တင်လေယာဉ်တစ်စင်း ဧပြီ ၁၇ ရက်က ပျံသန်းစဉ် အင်ဂျင်တစ်လုံး ပေါက်ကွဲထွက်ခဲ့မှုဖြစ်စဉ်ဖြစ်ပြီး ခရီးသည်တစ်ဦး သေဆုံးသွားခဲ့ရတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

အဆိုပါ လေယာဉ်ဟာ ခရီးသည် စုစုပေါင်း ၁၄၉ ဦးကို တင်ဆောင်ပျံသန်းလာစဉ် လမ်းခရီးမှာပဲ ခုလိုမျိုး အင်ဂျင်တစ်ဖက် ပေါက်ကွဲ ပျက်စီးမှု ဖြစ်စဉ်နဲ့ ကြံုတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယင်းဖြစ်စဉ်ကြောင့် ခရီးသည် တစ်ဦး သေဆုံးခဲ့ရသလို  အင်ဂျင်ပေါက်ကွဲရာကနေ လွင့်စဉ်လာတဲ့ အကွဲအစအနတွေထိမှန်မှုကြောင့် လေယာဉ်ပြတင်းတံခါးတစ်ခုကနေ အခြားခရီးသည်တစ်ဦးလည်း အပြင်ကို လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့ရသေးတယ်လို့ သိရပါတယ်။

ယင်း Boeing 737 လေယာဉ်ဟာ New York ကနေ Dallas မြို့ဆီ ဦးတည်ပျံသန်းလာခဲ့စဉ် ယင်း အင်ဂျင်ပေါက်ကွဲ ပျက်စီးမှုဖြစ်စဉ်ဖြစ်ပြီး ချက်ချင်းဆိုသလို Philadelphia မြို့မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

ယခု လေယာဉ် အင်ဂျင်ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးသွားသူ ခရီးသည်ကတော့ အသက် ၄၃ နှစ်အရွယ် Jennifer Riordan ဆိုသူ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။ ဒါဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း အမေရိကန် ခရီးသည်ပို့ဆောင်ရေး လေကြောင်းပျံသန်းမှုသမိုင်းမှာ ပထမဆုံးသော လူသေဆုံးမှုဖြစ်စဉ်လည်း  ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required