ပြင်သစ်အမျိုးသမီး ဂျီဟတ်ဝါဒီကို အီရတ်က ထောင်ဒဏ်တစ်သက်ချ

ပြင်သစ်အမျိုးသမီး ဂျီဟတ်ဝါဒီကို အီရတ်က ထောင်ဒဏ်တစ်သက်ချ

ဘဂ္ဂဒက်၊ ဧပြီ ၁၇ ။             ။ အိုင်အက်စ်အဖွဲ့ဝင်ဖြစ်သည့်အတွက်  ပြင်သစ်အမျိုးသမီးတစ်ဦးကို  အီရတ်နိုင်ငံက  ထောင်ဒဏ်တစ်သက်တစ်ကျွန်း  ချမှတ်လိုက်သည်။

အီရတ်နိုင်ငံ၏  အိုင်အက်စ်ချေမှုန်းရေး  နောက်ဆုံးဖြစ်စဉ်အဖြစ်  အသက် ၂၉ နှစ်အရွယ်  အယ်လ်ဂျီးရီးယားဇာတိဖြစ်တဲ့  ပြင်သစ်နိုင်ငံသူ ဒီဂျာမီလာကို  ယခုကဲ့သို့  ထောင်တစ်သက် ချမှတ်ခြင်း ဖြစ်သည်။

တရားရုံးတွင်  ဒီဂျာမီလာက ၎င်းသည်  ခင်ပွန်းဖြစ်သူ  ရက်ပ်အဆိုတော်နှင့်အတူ  ပြင်သစ်နိုင်ငံမှ  အီရတ်သို့ ရောက်ရှိခြင်း ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ ဇနီးမောင်နှံအနေဖြင့်  အားလပ်ရက် ခရီးသွားလာခြင်းဟုသာ  ထင်မှတ်ခဲ့ကြောင်း၊  သို့သော် တူရကီသို့ ရောက်မှ  ခင်ပွန်းဖြစ်သူက  ဂျီဟတ်တစ်ဦးဖြစ်မှန်း သိရကြောင်း  ဒီဂျာမီလာက ထွက်ဆိုသည်။

ခင်ပွန်း၏ အတင်းအကျပ်စေခိုင်းခြင်းကြောင့်  အိုင်အက်စ်အဖွဲ့သို့ ဝင်ခဲ့ရပြီး အိုင်အက်စ်ဂျီဟတ်အုပ်စုက  ၂၀၁၄ တွင် ဆီးရီးယားနှင့်  အီရတ်နယ်များကို  သိမ်းကာ ကာလိဖိရ်နိုင်ငံတော် ကြေညာထားရာတွင် နေထိုင်နေခဲ့ရခြင်း ဖြစ်ကြောင်း  ၎င်းက ပြောသည်။

ခင်ပွန်းဖြစ်သူသည်  ယခင်ဂျီဟတ်နယ်မြေဖြစ်ခဲ့သည့်  မိုဆူးလ်မြို့တွင်  အသတ်ခံရပြီး  သူ့၏ သားဖြစ်သူမှာလည်း  ဗုံးကြဲမှုအတွင်း  သေဆုံးကြောင်း  ဒီဂျီမီလာက ပြောသည်။

အဆိုပါ တရားရုံး  စစ်ဆေးကြားနာမှုတွင်  ကလေးများ ကိုယ်စီ  ပွေ့ဖက်ထားသည့်  ရုရှအမျိုးသမီးနှစ်ဦးကိုလည်း  အိုင်အက်စ်အဖွဲ့ဝင်များအဖြစ်  ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required