‘ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံးပုံစံနဲ့ ပြန်လာပါလိမ့်မယ်’ ~ နေမာ

‘ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အမြင့်ဆုံးပုံစံနဲ့ ပြန်လာပါလိမ့်မယ်’ ~ နေမာ
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးလက်ရွေးစင်အသင်းခေါင်းဆောင် နေမာက သူဟာ ခြေထောက်ဒဏ်ရာ မရခင်အချိန်ကထက် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲမှာ “ပိုကောင်းတဲ့ ပုံစံ”ခြေစွမ်းကို ပြသနိုင်ဖို့ မျှော်လင့်တယ်လို့ အင်္ဂါနေ့က ပြောကြားသွားပါတယ်။

“ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒဏ်ရာပြန်သက်သာလာဖို့ လုံလောက်တဲ့ အချိန်ရှိပါလိမ့်မယ်။ ဒီအတွက် ကိုယ့်ကိုကိုယ် ပြင်ဆင်ထားပါတယ်။”လို့ နေမာက ဆော်ပေါ်လိုရှိ အခမ်းအနားတစ်ခုမှာ သတင်းထောက်တွေကို ပြောပါတယ်။ “ထိခိုက်ဒဏ်ရာရတာကတော့ စိတ်ပျက်စရာပါ။ ဒါပေမယ့် ကျနော်အခု ကောင်းကောင်း အနားရခဲ့ပြီး ဒါက ကောင်းမွန်ပါတယ်။”

ပီအက်စ်ဂျီတိုက်စစ်မှူးက သူ့ရဲ့ နောက်ဆုံးခွဲစိတ်မှု စစ်ဆေးမှုကို မေလ ၁၇ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး မေလ ၂၁ ရက်မှာ စတင်မယ့် လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်အတွက် ပါဝင်နိုင်ဖွယ်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

နေမာဟာ ဖေဖော်ဝါရီလအတွင်းက မာဆေးလ်ကို ၃-၀ ဂိုးနဲ့ နိုင်တဲ့ပွဲမှာ ညာဘက် ခြေထောက်ရှိ ပဥ္စမမြောက် အရိုးကျိုးဒဏ်ရာရရှိခဲ့ပြီး ဒါကို ခွဲစိတ်ကုသခံယူဖို့ သူဟာ မတ်လအစောပိုင်းက ဘရာဇီးကို ရောက်ရှိခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ သူတို့ရဲ့ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားရယူဖို့ နေမာအပေါ် မျှော်လင့်ချက် မြင့်မားနေပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးအသင်းရဲ့ ပထမဆုံးပွဲစဉ်ဟာ ဇွန်လ ၁၇ မှာ ကစားမယ့် ဆွစ်ဇလန်နဲ့ပွဲဖြစ်ပါတယ်။

Ref; EFE-EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags