ဆေးလိပ်မီး ပစ်ချရာမှ မြိတ်မြို့၌ ငါးဖမ်းစက်လှေ ၂ စီး မီးလောင်၊ စက်လှေစောင့်အား အရေးယူ

ဆေးလိပ်မီး ပစ်ချရာမှ မြိတ်မြို့၌ ငါးဖမ်းစက်လှေ ၂ စီး မီးလောင်၊ စက်လှေစောင့်အား အရေးယူ
(ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်) )

မြိတ်မြို့တွင် ဆေးလိပ်မီး ပစ်ချရာမှ ငါးဖမ်းစက်လှေ ၂ စီး မီးလောင်ခဲ့မှု ယမန်နေ့  ဧပြီလ ၁၆ ရက်က ဖြစ်ပွားခဲ့ ကြောင်း သိရပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး စက်လှေစောင့်ရေလုပ်သား အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၆ ရက် ညနေ ၅ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် မြိတ်တောင်နယ်မြေ ရေနံမြေ အိုးလုပ်ပြင်ရပ်ကွက်ရှိ ကမ်းနားလမ်း ဆိပ်ကမ်း၊ ရေခဲ တင်/ချ တံတားအနီးတွင် ရပ်နားထားသော ရန်နိုင်မင်း ငါးဖမ်းစက်လှေပေါ်ရှိ ငါးဖမ်းပိုက်အဟောင်းများနှင့် ဆီပေနေသော အဝတ်စများ ပုံထားသော အပုံပေါ်သို့ ဖြတ်သွားဖြတ်လာသူတစ်ဦးက ဆေးလိပ်မီး ပစ်ချရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားခဲ့သည့် ရန်နိုင်မင်း ငါးဖမ်းစက်လှေသည်၊ မြို့သစ် (၃) ရပ်ကွက် စျေးဟောင်းလမ်း နေ ရေလုပ်ငန်းလုပ်ကိုင်သူ ဦးဌေးမြင့် ပိုင်ဆိုင်သော ငါးဖမ်းစက်လှေဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ယင်း မီးလောင်မှုကြောင့် မြိတ်မြို့နယ် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယာဉ် (၃) စီး၊ အရန်မီးသတ်စခန်းများမှ မီးငြိမ်းသတ်ယာဉ် (၃) စီး၊ ရေသယ်ယာဉ် (၁) စီး၊ ရပ်ကွက်ရေသယ် ယာဉ် (၁) စီး၊ စုစုပေါင်း (၁၃) စီးဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်း ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပြည်သူများ စုပေါင်းငြိမ်းသတ်မှုကြောင့် ညနေ (၅း၅၅) နာရီတွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှု ဖြစ်ပွားခဲ့သော  ရန်နိုင်မင်း ငါးဖမ်းစက်လှေ ပေါင်းမိုး (၁) ခု၊ OTR 7 အင်ဂျင် (၁) လုံး၊ မြတ်နိုးခင် ငါးဖမ်း စက်လှေ ပေါင်းမိုး ၁ ခု မီးလောင်ကျွမ်ခဲ့ပြီး စုစုပေါင်း ၂၀၀၀၀၀၀ ကျပ်ခန့် မီးလောင် ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

မီးလောင်မှု ဖြစ်စဉ်နဲ့ ပတ်သက်၍  ငါးဖမ်းစက်လှေစောင့် ရေလုပ်သား မောင်ဇော်အား မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဥပဒေအရ အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly