ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် မူးယစ်ပုဒ်မဖြင့် ကျခံနေရသော အကျဉ်းသားအများစု လွတ်မြောက်

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် မူးယစ်ပုဒ်မဖြင့် ကျခံနေရသော အကျဉ်းသားအများစု လွတ်မြောက်
(ဓာတ်ပုံ - အောင်ကိုဦး/မဇ္ဈိမ)

အကျဉ်းထောင်/ စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော နုုိင်ငံသားအကျဉ်းသား/သူ (၈၄၉၀) ဦးအား ဧပြီလ ၁၇ ရက်တွင် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ရာ မူးယစ်ပုဒ်မဖြင့် ကျခံနေရသော အကျဉ်းသား အများစု ပြစ်ဒဏ်မှ လွတ်မြောက်လာကြောင်း တွေ့ရသည်။

နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်း သတ်မှတ်ချက် မထားဘဲ လွတ်ငြိမ်း သက်သာခွင့် ပေးလိုက်သည်ဟု နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ်၊ ၁၇ /၂၀၁၈ ဖြင့် ဧပြီလ ၁၇ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ခြင်း ဖြစ်သည်။

ယနေ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများမှာ မူးယစ်ပုဒ်မ (၁၅) ဖြင့် ပြစ်ဒဏ်ကျ ၁၄၆၂ ဦး၊ မူးယစ်ပုဒ်မ ၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၃၂၂၀ ဦး(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်)၊ မူးယစ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် ပြစ်ဒဏ်ကျ ၁၆၈၀ ဦး(ပြစ်ဒဏ်ကျခံရန်ကျန် ၃ နှစ်နှင့်အောက်) တို့ အများဆုံးပါ၀င်နေပြီး နိုင်ငံရေး အကျဉ်းသားအနေဖြင့် AAPP စာရင်းဝင် နိုင်ကျဉ်း ၃၆ ဦး လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

တပ်မတော်အက်ဖြင့် ပြစ်ဒဏ်ကျ ၁၈၈၀ ဦး သည် ဒုတိယအများဆုံး ပါ၀င်နေပြီး အသက် ၈၀ နှစ်နဲ့အထက် ၂၇ ဦး၊ အသက် ရ၅ မှ ၈၀ အကြား ၂၉ ဦး၊ ကျန်းမာရေးမကောင်း ၁၄ ဦး၊ လဝက အက် ၁၃(၁) နိုင်ငံခြားသား ၄၄ ဦး တို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရခဲ့ပြီး ရဲစည်းကမ်းထိန်းသိမ်းရေး ပြစ်ဒဏ်ကျ ၁၄၁ ဦး နိုင်ငံသားအကျဉ်းသူ ၁ ဦးနှင့် ဗီယက်နမ် ၈ ဦး၊ အကျဉ်းသား ရ ဦး တို့အား လွတ်ငြိမ်းခွင့်ပြုခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လူမှုကွန်ရက်တွင် ထုတ်ပြန်ထားသည်။

ထို့ပြင် နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ်၊ ၁၈ /၂၀၁၈ ဖြင့် “ မြန်မာနှစ်သစ်ကူးအခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုသော အားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေကြရသော နုုိင်ငံခြားသားအကျဉ်းသား/သူ (၅၁) ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးလိုက်သည်”ဟု ထုတ်ပြန်ထားသည်။

မန္တလေးဗဟိုအကျဉ်းထောင်မှ အမျိုးသား အကျဉ်းသား ၄၂၈ ဦး၊ အမျိုးသမီးအကျဉ်းသူ ၃၂ ဦးနှင့် ထုံးဘို (၁)ကုန်ထုတ်လုပ်ရေးစခန်းမှ အမျိုးသား ၈၁ ဦးတို့ လွတ်မြောက်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly