ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား

ဝန်ထမ်းများ နေထိုင်ရေးအဆင်ပြေစေရန်အတွက် ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ပြောကြား
(ဓာတ်ပုံ - Myanmar President Office)

ယနေ့ ဧပြီလ ၁၇ ရက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က အခြေခံလိုအပ်ချက်ဖြစ်သည့် ပြည်သူများ၏ နေထိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ပြောခဲ့ပြီး အစိုးရဝန်ထမ်းများအတွက် နေထိုင်ရေးအဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဟု ပြောကြားသည်။

မြန်မာ့ရိုးရာ နှစ်သစ်ကူး အခါသမယတွင် ပြောကြားသည့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင်  ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံသူနိုင်ငံသားတွေရဲ့ အခြေခံလိုအပ်ချက် (၃) ခုဖြစ်တဲ့ စားဝတ်နေရေးဆိုတဲ့ အချက် (၃) ချက်ထဲမှာ ပြည်သူတွေအတွက် နေရေးသည် အဓိကလိုအပ်ချက်ဖြစ်တာကို တွေ့ရှိရ ပါတယ်။ နေအိမ်မရှိလို့ ဖြစ်သလိုနေထိုင်ကြရတဲ့ ပြည်သူတွေရဲ့ ဒုက္ခများကိုလည်း ကျွန်တော်တို့ သတိပြုမိပါတယ်။ ပြည်သူ့ဝန်ထမ်းတွေအနေနဲ့လည်း လက်ရှိတာဝန် ထမ်းဆောင်စဉ်ကာလမှာ ၀န်ထမ်းအိမ်ရာမရှိလို့ အခက်အခဲဖြစ်နေသူတွေရှိသလို အငြိမ်းစားယူသွားပြီးတဲ့အချိန်မှာလည်း နေထိုင်စရာ အိမ်မရှိလို့ အတိဒုက္ခရောက်ကြရတဲ့ဝန်ထမ်းများ အများကြီးရှိနေတာကို သတိပြုမိပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ၀န်ထမ်းတွေ အငြိမ်းစားယူသွားချိန်မှာ ကိုယ်ပိုင်နေအိမ် ကိုယ်ပိုင် တိုက်ခန်းများနဲ့ သိက္ခာရှိရှိနေသွားနိုင်ရေးအတွက် ဦးစားပေး ဆောင်ရွက်ပေးမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။

အခန်းပေါင်း ၁ သောင်းကျော်ပါဝင်သည့် ဝန်ထမ်းအိမ်ရာများဖော်ဆောင်ပြီး အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးရန်ရှိကြောင်း သိရသည်။ 

"ယခုအစိုးရသစ်လက်ထက်မှာ ပြီးခဲ့တဲ့ ၂ နှစ်တာကာလအတွင်း ၀န်ထမ်းများအတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ ၀န်ထမ်းအိမ်ရာ (၄၆၂၇) ခန်း တည်ဆောက်ပေးနိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ကျန် ၃ နှစ် တာကာလမှာလည်း အခန်း (၇၀၀၀) ကျော်ကို ၀န်ထမ်းအိမ်ရာအဖြစ် တည်ဆောက် ပေးသွားရန် စီမံထားရှိပြီးဖြစ်ပါတယ်။ ဒီလိုအစီအစဉ်ကို တိုးချဲ့ခြင်းဖြင့် လာမည့်နှစ်များအတွင်း အခန်းပေါင်း (၁) သောင်းကျော် တည်ဆောက်ပြီး ၀န်ထမ်းတွေအတွက် လစဉ်အရစ်ကျ ငွေချေစနစ်နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ထို့ပြင် နိုင်ငံဝန်ထမ်းများ၏ လစာကို ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းတိုးမြှင့်သွားရန် ပြည်ထောင်စုမှ စီစဉ်နေပြီး အနိမ့်ဆုံး ကျပ် တစ်သိန်းနှစ်သောင်းမှ အမြင့်ဆုံး ကျပ် ၅ သိန်း၅သောင်းသို့ တိုးမြှင့်သွားမည် ဖြစ်သည်။ 

"အမှုထမ်းလစာများအားလုံးကို (၂၀) ရာခိုင်နှုန်း တိုးမြှင့်ပေးပြီး အရာထမ်း လစာများကို (၁၀) ရာခိုင်နှုန်း တိုးမြှင့်ပေးနိုင်ရန် ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့ စီစဉ်တွက်ချက်ပြီး ဖြစ်ပါတယ်။ ယင်းတွက်ချက်မှုအရ အမှုထမ်းတစ်ဦးရဲ့ အနည်းဆုံးလစာမှာ ၁၂၀၀၀၀ ကျပ်မှ ၁၃၈၀၀၀ ကျပ် အထိ တိုးမြှင့်သွားမှာဖြစ်ပြီး အရာထမ်းတစ်ဦးရဲ့ အများဆုံးလစာမှာ ၅၀၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်သို့ တိုးမြှင့်သွားမှာဖြစ်ပါတယ်။" ဟု နိုင်ငံတော်သမ္မတက မိန့်ကြားသည်။

ထို့ကြောင့် စီမံဆောင်ရွက်ပေးမှုကို တုံ့ပြန်သောအားဖြင့် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ဝန်ထမ်းများအနေဖြင့် တာဝန်ယူမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly