တကယ်မသေခင် အစမ်းသေကြည့်နိုင်မယ့် ဘန်ကောက်မြို့က "သေခြင်းတရား" ကော်ဖီဆိုင်

တကယ်မသေခင် အစမ်းသေကြည့်နိုင်မယ့် ဘန်ကောက်မြို့က "သေခြင်းတရား" ကော်ဖီဆိုင်
(ဓာတ်ပုံ - AFP)

ကော်ဖီတစ်ခွက်အတွက် အစမ်းသေကြည့်ကြမလား။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ ဖွင့်လှစ်ထားတဲ့ "သေခြင်းတရားနှင့်ပတ်သက်၍ အသိပညာပေးမှု" ဆိုတဲ့ ကော်ဖီဆိုင်လေးကို ရောက်ရင်ဖြင့် သင့်အနေနဲ့ ကိုယ့်အိမ်ကိုယ့်ယာလိုမျိုး စိတ်အေးချမ်းသာမှုကို ခံစားရမှာဖြစ်ပါတယ်။

ယင်း ကော်ဖီဆိုင်လေးကတော့ လာရောက်အားပေးသောက်သုံးကြသူ ဖောက်သည်တွေကို ၎င်းတို့တွေ တစ်နေ့ကျရင် မလွဲမသွေ တွေ့ကြံုလာရမယ့် သေခြင်းတရားနဲ့ပတ်သက်လို့ ခုကတည်းက ရင်ဆိုင်သွားကြဖို့ အားပေးသွားဖို့ ရှိနေပါတယ်။ ယင်း အားပေးမှုကြောင့်လည်း ၎င်းတို့တွေကို ဘဝမှာ ပိုပြီး ကောင်းအောင် နေထိုင်သွားနိုင်စေအောင် အထောက်အကူဖြစ်စေဖို့ ရှိပါတယ်။

မီနူးထဲမှာလည်း "သေခြင်း" နဲ့ " နာကျင်ခံစားရသော" ခေါ်တဲ့ သောက်သုံးစရာတွေ ရရှိနိုင်မှာဖြစ်သလို ဆိုင်ရဲ့ ထောင့်တစ်နေရာက ကူရှင်တစ်ခုမှာလည်း အရိုးစုတစ်စုကို တွေ့ရမှာဖြစ်ပါတယ်။

ဒါပေမယ့် အဆိုပါ ကော်ဖီဆိုင်မှာ လာရောက်အားပေးသူတွေ အဓိက လက်တွေ့ခံစားရမယ့် အတွေ့အကြုံ ကတော့ အလှဆင်ထားတဲ့ အဖြူရောင်အခေါင်းတစ်ခုပဲ ဖြစ်ပါတယ်။

ယင်းဆိုင်ကတော့ လာရောက်အားပေးသူ ဖောက်သည်တွေကို အဲဒီ အခေါင်းထဲ ၀င်ပြီး မိနစ်အနည်းငယ်လောက် လဲလျောင်းကြည့်ဖို့ တိုက်တွန်းထားပါတယ်။ ဖောက်သည်တွေအနေနဲ့ အဲဒီလို အခေါင်းထဲ ၀င်လှဲကြည့်ခြင်းအားဖြင့် ကိုယ်တကယ် သေတော့မှာလားဆိုတဲ့ အတွေးမျိုးဝင်စေနိုင်ပြီး  နောက်ဆုံးအချိန်မျိုးမှာ ဘယ်လို စိတ်အာရုံတွေ ဖြစ်ပေါ်လာသလဲ သိရှိရစေနိုင်မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ အဲဒီလို အခေါင်းထဲ ၀င်လှဲကြည့်သူတွေအနေနဲ့လည်း ကော်ဖီအတွက် ဒစ်စကောင့်ပါ ရနိုင်ဦးမှာဖြစ်ပါတယ်။

"အဲဒီအခေါင်းထဲ ၀င်တဲ့အခါ ကျွန်မ တကယ်သေသွားပြီး ဒါကျွန်မအသုဘလိုမျိုးတောင် ခံစားမိပါတယ်" ဆိုပြီး အသက် ၂၈ နှစ်အရွယ် Duanghatai Boonmoh က ပြောပြသွားပါတယ်။

သူမအပါအဝင် အခြား စူးစမ်းလိုတဲ့ ဖောက်သည်တွေဟာ ယင်းဆိုင်က အလှဆင်ထားတဲ့ အဆိုပါအဖြူရောင် အခေါင်းထဲ ၀င်လှဲကြည့်ကြရာမှာတော့ အနားမှာ ရှိတဲ့ မိတ်ဆွေသူငယ်ချင်းတွေက အခေါင်းအဖုံးကို ပိတ်ပေးပြီး ကူညီပေးကြပါတယ်။

"ပထမဆုံး ကျွန်မ စိတ်ထဲ ၀င်လာတာက ဒီအဖုံးကို ဘယ်သူမှ ဖွင့်မပေးကြရင် ဘယ်လိုလုပ်မလဲ ဆိုပြီးပေါ့၊ ကျွန်မ ဒီထဲမှာ ရှိနေတယ်လို့ အော်ပြောရမှာလား၊ ဒါမှမဟုတ် ကျွန်မ ခုထိ အသက်ရှင်နေသေးတယ်လို့ ပြောရမှာလား၊ ကျွန်မထင်ပါတယ် ဒါက မကြာခင် သေရတော့မယ်လို့ သိတဲ့အခါ လူတွေမှာ ဖြစ်တတ်တဲ့ အတွေးမျိုးထင်ပါတယ်။"လို့ သူမက ထပ်လောင်းပြောသွားပါတယ်။

"ဒီလိုမျိုး သေခြင်းတရားနဲ့ပတ်သက်လို့ ကြိုတင်ပြီး အသိကပ် ဆင်ခြင်မိခြင်းက လူတွေရဲ့ လောဘတွေ၊ ဒေါသ တွေကို လျော့ကျစေနိုင်တယ်လို့ ကျွန်တော်တို့ တွေ့ရှိရပါတယ်" ဆိုပြီးတော့လည်း လူမှုဆိုင်ရာ သုတေသီ Veeranut Rojanaprapa က ပြောပြသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly