ဂိတ်သတ်မှတ်ကြေးမှီရန် သင်္ကြန်တွင်း ယာဉ်စီးခ တိုးကောက်နေရဟု YBS ယာဉ်မောင်းအချို့ဆို

ဂိတ်သတ်မှတ်ကြေးမှီရန် သင်္ကြန်တွင်း ယာဉ်စီးခ တိုးကောက်နေရဟု YBS ယာဉ်မောင်းအချို့ဆို

ရန်ကုန်၊ ဧပြီ ၁၆ ။               ။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေပြီး ယာဉ်အကူပါသည့် YBS ယာဉ်လိုင်းမှ ယာဉ်တချို့သည် လိုင်းမှသတ်မှတ်ထားသော ကြေးကို မှီနိုင်ရန်အတွက် ယာဉ်စီးခကို မိမိဖာသာ တိုး၍ ကောက်ရခြင်းဖြစ်ကြောင်း  ဒရိုင်ဘာအချို့နှင့် ယာဉ်အကူအချို့က ပြောသည်။

“ဂိတ်ကို တစ်ရက် ၁၂၊ ၁၃ လောက် အပ်ရတယ်လေ။ ဂတ်စ်ဖိုးလည်း ရှိသေးတော့ တိုးကောက်ရတာပေါ့။ လစာနဲ့ဆိုရင်တော့ ကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ကြတော့ ရာခိုင်နှုန်းနဲ့ရတာဆိုတော့။ အခုကောက်တာက ဘယ်လောက်ဝေးဝေး တစ်ယောက် ၅၀၀ ထဲ။ အောက်ဆိုက်ကားတွေက ဟိုနားဒီနား ၅၀၀ ရှိတယ်။ နည်းနည်းဝေးရင် ၁၅၀၀၊ ၂၀၀၀ လောက်ဗျ“ဟု YBS ရ၉ ယာဉ်လိုင်းမှ အမည်မဖော်လိုသူ ယာဉ်အကူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင် သင်္ကြန်တွင်း လိုင်းကားရှားမှုကြောင့် အောက်ဆိုက်ကားများကိုသာ အားထားနေရပြီး ရန်ကုန်မြို့အတွင်းတွင် YBS ၁၊  ၆၊ ရ၊ ၂၁၊  ၅၉၊  ရ၉၊ ရ၆၊  ၈၀ ကားများကို အများဆုံးတွေ ရရှိရပြီး တခြားပြေးဆွဲပေးနေသော ယာဉ်လိုင်းများရှိနေသည်။

ယာဉ်စီးခတိုးကောက်သော်လည်း အများပြည်သူအဆင်ပြေစေရန် အလှည့်ကျပြေးဆွဲပေးနေပြီး သင်္ကြန်တွင်းတွင် ပြေးဆွဲမှုခေတ္တရပ်နားထားသည့် ယာဉ်လိုင်းများပင်ရှိကြောင်း အမည်မဖော်လိုသည့် ယာဉ်နောက်လိုက်တစ်ဦးကပြောသည်။

တောင်ဒဂုံမှ ဆူးလေသို့ပြေးဆွဲနေသည့် YBS ရ တွင်လည်း ယာဉ်စီးခတိုးကောက်မှုများရှိနေသောကြောင့် မဇ္စျိမမှ YUPT တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးကိုကိုနိုင်သို့ ဖုန်းဆက်မေးမြန်းခဲ့ရာ “အများသောအားဖြင့်က ပုံးထဲထည့်ပြီး ၂၀၀ ပဲယူကြတယ်။ ဒါပေမယ့် အခု ၃၀၀ ယူတဲ့ယာဉ်တွေရှိနေတယ်လို့ လှမ်းတိုင်တာ။ အခုစစ်တော့စစ်နေတယ်။ သင်္ကြန်ပြီးရင်တော့ အရေးယူပါမယ်“ ဟု ၄င်းက ပြောသည်။

အဆိုပါ ယာဉ်အကူဆိုသည်မှာလည်း သင်္ကြန်တွင်းဖြစ်သည့်အတွက် ယာဉ်မောင်းကို အကူအညီပေးနိုင်ရန် အကူခေါ်ခိုင်းထားခြင်းသာဖြစ်ကြောင်း ဦးကိုကိုနိုင်က ဆက်ပြောသည်။

“ရှေ့မှာက CCTVတွေ တခြားပစ္စည်းတွေ အကုန်ရှိနေတယ်။ အဲဒါကို ရေစိုရင် ဒုက္ခရောက်မှာ စိုးလို့ ရှေ့ပေါက်ကို ပိတ်ထား၊ နောက်ပေါက်က အတက်အဆင်းလုပ် ပြီးရင် ပုံးထဲကိုထည့်၊ ၂၀၀ ပဲကောက်လို့ပြောလိုက်တာ။ အဲဒါကို တလွဲတွေ လုပ်ကြတာ။ သူတို့က စပယ်ရာတင်ပြီးတော့ချကြတာ“ဟု ၄င်းက ဆက်ပြောသည်။

သင်္ကြန်အကြိုနေ့မှ စတင်ကာ ပြေးဆွဲနေသည့် YBS ယာဉ်များ မူလဈေးနှုန်းထက် ပိုတောင်းခံသည်ကို တိုင်ကြားပါက သတ်မှတ်စည်းကမ်းနှင့်အညီ ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်ကပြောဆိုထားသည်။

ယခင် မထသ လက်ထက်ကတည်းက သင်္ကြန်တွင်းတွင် ယာဉ်စီးခတိုးတောင်းခြင်းနှင့် လိုင်းကားရှားပါးခြင်းမှာ ရန်ကုန်မြို့တွင် နှစ်စဉ်ကြံုတွေ့နေကြရခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly