တောင်ပြိုလက်ဝဲလက်ခံရေးစခန်းသို့ မိသားစု ဝင် ၅ ဦး ပြန်လည်ဝင်ရောက်လာ

တောင်ပြိုလက်ဝဲလက်ခံရေးစခန်းသို့ မိသားစု ဝင် ၅ ဦး ပြန်လည်ဝင်ရောက်လာ

တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေး စခန်းသို့ နေရပ်စွန့်ခွာ မိသားစုဝင်ငါးဦး ပြန်လည် ဝင်ရောက်လာကြောင်း ဧပြီလ ၁၄ ရက်တွင်သတင်းထုတ်ပြန်ရေးကော်မတီမှ ထုတ်ပြန်သည်။

အစ္စလာမ် ဘာသာဝင် အဲဖ်တာအာလွမ််ပါ မိသားစုဝင် ငါးဦးတို့သည် ဧပြီလ ၁၄ ရက် ၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် ၊ တောင်ပြို လက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်းသို့ ပြန်လည်ဝင်ရောက်လာကြခြင်း ဖြစ်သည်ဟု ကနဦးထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသော မိသားစုဝင် ငါးဦးအား ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ ၁၉၈၂ ခုနှစ် တွင် ပြဌာန်းခဲ့သော နိုင်ငံသားဖြစ်မှု ဥပဒေနှင့်အညီ စစ်ဆေးခြင်း၊ နိုင်ငံအတွင်း အမှန်တကယ် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ခြင်း နှင့် လူဝင်မှုကြီး ကြပ်ရေးနှင့် မှတ်ပုံတင်ရေး လုပ်ငန်းများကို ဆောင်ရွက်ပေး ခဲ့ပြီး သတ်မှတ်ချက်နှင့်ညီသော မိသားစုဝင်များအား NV(National Verification) ကတ်ပြားများကို နေ့ချင်းပြီး ပြုလုပ်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ထို့နောက် အဆိုပါ မိသားစုဝင် ၅ ဦးအား ကျန်းမာရေးစစ်ဆေးပေးကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်၊ ခြင်ထာင်၊ စောင်၊ တီရှပ်၊ ကျားဝတ်/ မဝတ်လုံချည်များနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကာ နေရပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

တောင်ပြိုလက်ဝဲပြန်လည်လက်ခံရေးစခန်းသည် ဘင်္ဂလားဒ့ရှ်မှ ပြန်လည်ဝင်ရောက်လာမည့်သူများအား ပြန်လည်လက်ခံမည့်နေရာတစ်ခုဖြစ်သည်။

နှစ်နိုင်ငံသဘောတူညီချက်အရနေရပ်စွန့်ခွာသူများအား ဇန်နဝါရီလ ၂၃ရက်က စတင်လက်ခံမည်ဟု ခန့်မှန်းထားသော်လည်း ယခုမိသားစုဝင် ၅ ဦးသာ ရောက်ရှိလာသေးပြီး လူဦးရေသိန်းဂဏန်းခန့် နေရပ်စွန့်ခွာသွားကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required