တောမီးလောင်သွားတဲ့ နေရာမှာ ထင်ရှုးပင်တွေ ပြန်စိုက်ပြီး သစ်တောအသစ်အဖြစ် ကြိုးပမ်း

.

ပေါ်တူဂီနိုင်ငံမှာ ယမန်နှစ်တုန်းက တောမီးလောင်ကျွမ်းခံလိုက်ရလို့ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သက်တမ်းအရင့်ဆုံး သစ်တောတစ်ခုနေရာမှာ ယခုအခါမှာတော့ စေတနာ့ဝန်ထမ်း ၃,၀၀၀ လောက်က သစ်တောပြန်လည်စိုက်ပျိုးရေးဆိုတဲ့ ရည်မှန်းချက်မြင့် စီမံကိန်းတစ်ခုကို တက်တက်ကြွကြွ ဖော်ဆောင်လုပ်ကိုင်နေကြလျက်ရှိပါတယ်။

နိုင်ငံအလယ်ပိုင်းမှာ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ Leiria သစ်တောနေရာမှာတော့ ထင်ရှုးပင်ပေါင်းများစွာကို ပြန်လည် ၀ိုင်းဝန်း စိုက်ပျိုးနေပြီဖြစ်ပါတယ်။

ယမန်နှစ် တောမီးလောင်ကျွမ်းမှုကြောင့် အဆိုပါ သက်တမ်းရင့် သစ်တောကြီးဟာ ဘာတစ်ခုမှမကျန်တော့လောက်အောင် ဖြစ်ခဲ့ရပြီး ပြာပုံအဖြစ် ပြောင်းလဲထားခဲ့ရတာဖြစ်ပါတယ်။

" ဒီ Leiria သစ်တောရဲ့ ထင်ရှုးပင် ၈၀ ရာခိုင်နှုန်းလောက်ကို တောမီးကြောင့် ဆုံးရှုံးခဲ့ရပါတယ်၊ ခုတော့ ဘာပဲဖြစ်ဖြစ် ကျူပ်တို့အတွက် အကြီးကျယ်ဆုံး အလုပ်တစ်ခုက အသင့်စောင့်ကြိုနေပီလေ၊ သစ်တောပြန်လည်စိုက်ပျိုးရေးအလုပ်ပေါ့၊ ဒီအလုပ်မှာ သစ်ပင်ပေါင်း ၂၂ သန်းလောက် ပြန်စိုက်ဖို့ လိုပါတယ်" ဆိုပြီး Marinha Grande မြို့တော်ဝန် Cidalia Ferreira က ပြောသွားပါတယ်။

ခုလို သစ်တောသစ်အဖြစ် ပြန်လည်မွေးဖွားစေတဲ့ ပရောဂျက်မှာတော့ တာဝန်ရှိသူတွေအပြင် စေတနာ့ဝန်ထမ်းတွေ၊ စစ်သားတွေ၊ ရဲတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေပါဝင်ပြီး အစိုးရကိုယ်တိုင်က ဦးဆောင်လုပ်ဆောင်နေတာဖြစ်ပါတယ်။