လော့စ်အိန်ဂျလိစ်မြို့က selfie ပြတိုက်

လော့စ်အိန်ဂျလိစ်မြို့က selfie ပြတိုက်

စမတ်ဖုန်းကို လက်တစ်ဘက်နဲ့ အပေါ်မြှောက်ကိုင်၊ မျက်နှာပေါ်မှာ အပြံုးတစ်ပွင့် ဆင်မြန်း၊ ကိုယ်နေဟန် အချိုးကျကျထားပြီး အလုံးစုံ ပြည့်စုံကောင်းမွန်တဲ့ ဆယ်လ်ဖီ (selfie) ဓာတ်ပုံတစ်ပုံ ရိုက်ကူးရာမှာ တကယ်တော့ အနုပညာတစ်ခု ရှိနေပါတယ်။

ယနေ့ခေတ် စမတ်ဖုန်းတစ်လုံးနဲ့ ကိုယ်တိုင်ကိုယ်ကျ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေ ပလူပျံအောင် ပေါ်ထွက်လာနေတဲ့ ဆိုရှယ်မီဒီယာခေတ်ထဲ ရောက်လာချိန်မှာတော့ တွမ်မီ ဟွန်တန်နဲ့ တိုင်ရာ မက်မီဒေါ့ဗ် တို့ နှစ်ဦးက အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့မှာ ဆယ်လ်ဖီ ရိုက်ကူးခြင်းအတတ်ပညာကို ရည်ရွယ်တဲ့ selfie ပြတိုက်တစ်ခုကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံကို ကိုယ်တိုင်ကိုယ်ကျ ရိုက်ကူးရတဲ့ ယင်း ဆယ်လ်ဖီ ရိုက်ကူးမှုရဲ့ သဘော သဘာဝ၊ သမိုင်းကြောင်းကို ဖော်ထုတ်ပြသဖို့အတွက် ယင်းပြတိုက်ကို ရည်ရွယ်ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။

အဆိုပါ selfie ပြတိုက်ကို လာရောက်လေ့လာသူတွေအနေနဲ့ကတော့ မဖြစ်မနေ လုပ်ရမယ့် ကိစ္စကတော့ ဆယ်လ်ဖီ ရိုက်ကူးခြင်း ဖြစ်တဲ့အတွက် ဆယ်လ်ဖီ ခရေဇီတွေအတွက် သတင်းကောင်းတစ်ခုဖြစ်ပါတယ်။

ယင်းပြတိုက်မှာတော့ ဆယ်လ်ဖီ ပညာရှင်တွေရဲ့ လက်ရာတွေအပြင် လာရောက်လေ့လာသူတွေ ဆယ်လ်ဖီ ကောင်းစွာ ရိုက်ကူးနိုင်မယ့် အဆင်အပြင်တွေ အများကြီး တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆယ်လ်ဖီ တုတ်ချောင်းတွေနဲ့ လုပ်ထားတဲ့ ပလ္လင်တစ်ခု ရှိသလို ကမ္ဘာ့အရှည်ဆုံး ဆယ်လ်ဖီတုတ်ချောင်းတစ်ခုလည်း ရှိနေမှာဖြစ်ပါတယ်။

"ဗန်ဂိုးတို့၊ ရမ်းဘရန့်တို့  ဂျူရာ တို့လို အကျော်အမော်ကြီးတွေ တောင် သူတို့ခေတ်တုန်းက ခုလို ဆဲလ်ဖုန်းတွေ၊ ကင်မရာတွေများ ပေါ်နေခဲ့ပြီဆိုရင် လူတိုင်း ခုလို ဆယ်လ်ဖီ ရိုက်ကြပါလိမ့်မယ်" ဆိုပြီး ပြတိုက် တာဝန်ခံတစ်ဦးက ရှင်းပြသွားပါတယ်။

"ဆယ်လ်ဖီနဲ့ပတ်သက်လို့က သမိုင်းကြောင်း အခိုင်အမာ ရှိပါတယ်၊ အရင်ဟိုးအရင်ကာလတွေကတည်းက အနုပညာ ဖန်တီးတဲ့ သူတွေ ရှိကတည်းက ဖြစ်ပါတယ်၊ ရမ်းဘရန့် ဆို ကိုယ်တိုင်ရေး ပုံတူတွေ ရာနဲ့ချီ ဆွဲခဲ့တယ်၊ ဂျူရာလည်း အဲတိုင်းပဲ၊ နောက်ပြီး ဗန်ဂိုးဆို ဒါဇင်နဲ့ချီ ရှိခဲ့တယ်၊ ကျွန်တော်ဆိုလိုတာက သူတို့လည်း သူတို့ ပုံတူတွေကို ဆွဲခဲ့တယ်လို့ ဆိုလိုတာပါ၊ ဘာများ ကွာလို့လဲ၊ ဟုတ်ကဲ့၊ အနုပညာ နည်းနိဿယနဲ့ အတိုင်းအတာကတော့ အတူတူပဲ၊ တကယ်တော့ လက်တွေ့မှာ ဆဲလ်ဖုန်းနဲ့ ကင်မရာတွေ ရှိနေရင် လူတိုင်း ဆယ်လ်ဖီ ရိုက်ကြမှာပဲလေ" ဆိုပြီး ဟွန်တန်က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags