ရည်းစားဟောင်းအား အဓမ္မပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထား

ရည်းစားဟောင်းအား အဓမ္မပြုကျင့်မှုဖြင့် အဆိုတော် အစ္စဏီအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထား
ဟန်ထွန်းဇော်(ခ) အစ္စဏီ (ဓာတ်ပုံ - Han Tun Zaw/Facebook)

ရည်းစားဟောင်းမိန်းကလေးအား အဓမ္မပြုကျင့်၊ အပြင်းအထန်နာကျင်စေမှုဖြင့် အဆိုတော်အစ္စဏီအား အင်းစိန်ထောင်တွင် ထိန်းသိမ်းထားကြောင်း သိရသည်။

"ဟုတ်တာက ဟုတ်တယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ၊ သူ့ကို ကျွန်တော်တို့ ရဲစခန်းမှာ ချုပ်တာ မဟုတ်ဘူး။ အင်းစိန်ထောင်မှာ ချုပ်ထားတာ" တာမွေမြို့မရဲစခန်း တာဝန်ကျရဲအရာရှိတစ်ဦးက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

ဖြစ်စဉ်မှာ ဧပြီလ ၁၂ရက်နေ့ ည ၂နာရီ တွင် မော်ဒယ် မ-----(ခ)-------(၂၇)နှစ်သည် သူငယ်ချင်းများနှင့်အတူ ဆယ်လီအရက်ဘားသို့ ရောက်ရှိနေစဉ် ရည်းစားဟောင်းဖြစ်သူ ဟန်ထွန်းဇော်(ခ) အစ္စဏီ(၃၂)နှစ်မှ ဘားအတွင်း ဝင်ရောက် ပြဿနာ ရှာနေသဖြင့် မော်ဒယ် မ-----(ခ)-------က ၎င်းငှားရမ်း နေထိုင်သည့် တိုက်ခန်းသို့ ကားငှား၍ ပြန်လာခဲ့ရာ ဟန်ထွန်းဇော်(ခ)အစ္စဏီမှလည်း ၎င်းယာဉ်ဖြင့် အတူလိုက်ပါလာခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်သည်။

နေအိမ်သို့အရောက်တွင် ဟန်ထွန်းဇော်(ခ) အစ္စဏီမှ မော်ဒယ် မ-----(ခ)------၏ အင်္ကျီအား အတင်း ဆွဲချွတ်သဖြင့်ရုန်းကန်စဉ် ဦးခေါင်းဖြင့် မှန်ဗီဒိုအားတိုက်မိခဲ့၍ ဦးခေါင်း နာကျင်ခဲ့သည့် အပြင် ယာလက်ညှိုး၊ လက်ခလယ်နှင့် လက်သူကြွယ်တို့၏ လက်သည်းခွံများကို လှန်ချိုးသဖြင့် နာကျင်၍သတိမေ့နေစဉ် သားမယား ၂ ကြိမ်ပြုကျင့်ခဲ့ကြောင်း၊ သတိပြန်ရလာစဉ် ပတ်ဝန်းကျင်အား အကူအညီတောင်းခံရန် ကြိုးစားခဲ့ရာ ဟန်ထွန်းဇော် (ခ) အစ္စဏီမှ ၎င်း၏ယာခြေထောက် အား ဗီဒိုမှန်ကွဲစဖြင့် ခြစ်ခဲ့၍ ပြတ်ရှဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ ထို့နောက် မော်ဒယ် မ-----(ခ)------မှ အိမ်သာအသုံးပြုမည်ဟု အကြောင်းပြကာ အိမ်သာ တံခါးအား လော့ချပြီး သူငယ်ချင်းဖြစ်သူ မ--------ထံ ဖုန်းဖြင့် အကူအညီတောင်းခံခဲ့ရာ ၀၅၃၀ အချိန်တွင် မ-------နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ ရောက်ရှိလာပြီး ၎င်းအားကယ်တင်နိုင်ခဲ့ကြောင်း ပြည်ထဲရေးမှ ထုတ်ပြန်ထားသည်။

ဧပြီလ ၁၂ ရက်နေ့တွင် မော်ဒယ် မ-----(ခ)------မှ တိုင်တန်း၍ ဟန်ထွန်းဇော် (ခ) အစ္စဏီ(ဖမ်းမိ)အား တာမွေမြို့မရဲစခန်းမှ (ပ)၃၆၂/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄(မုဒိမ်းမှု/တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှု)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly