ပြံုယမ်း၊ ဧပြီ ၁၂ ။ ။ မြောက်ကိုရီးယားနိုင်ငံတွင် အထူးပြည်သူ့ညီလာခံနှစ်ပတ်လည်အစည်းအဝေးကို နိုင်ငံခေါင်းဆောင် ကင်ဂျုံးအွန် မပါဘဲ ကျင်းပကာ တောင်ကိုရီးယားနှင့် အမေရိကန်တို့နှင့် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးပွဲများအရေးကို မပြောဆိုခဲ့ကြောင်း မြောက်ကိုရီးယားနို်င်ငံပိုင် KCNA သတင်းဌာန၏ ဧပြီ ၁၂ ရက် သတင်းထုတ်လွှင့်ချက်အရ သိရသည်။
ဧပြီ ၁၁ ရက်က ၁၃ ကြိမ်မြောက် အထူးပြည်သူ့ညီလာခံ ခြောက်ပတ်မြောက်အစည်းအဝေးကို ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်အရေး ဒေသတွင်း သင့်မြတ်မှု ဖြစ်ပေးလာချိန်နှင့် ဧပြီ ၂၇ ရက်တွင် တောင်ကိုရီးယားနှင့် ထိပ်သီးအစည်းအဝေး ကျင်းပခါနီးတွင် ပြုလုပ်ခဲ့သော ပါလီမန်ဆိုင်ရာ အထူးအစည်းအဝေးတစ်ရပ်လည်း ဖြစ်သည်။
ကင်ဂျုံးအွန်အနေဖြင့် အဆိုပါ အစည်းအဝေးသို့ တက်ရောက်ပါဝင်ခြင်း မရှိသော်လည်း ၎င်း၏ သဘောထားကို ပေးပို့ထားပြီဖြစ်မည်ဟု ထင်မြင်ချက်များလည်း ရှိနေသည်။
အဆိုပါ ညီလာခံသည် ကိုရီးယားအလုပ်သမားပါတီ ခေါင်းဆောင်၏ ဆုံးဖြတ်ချက်များကို လိုက်နာအကောင်အထည် ဖော်ရသော နို်င်ငံ၏ အမြင့်ဆုံး ဥပဒေပြုလွှတ်တော်အဖွဲ့အစည်း ညီလာခံတစ်ရပ်လည်း ဖြစ်သည်။
နို်င်ငံ၏ အသုံးစရိတ် ဘတ်ဂျက်၊ အမှုထမ်းအပြောင်းအလဲ စသည့်ကိစ္စရပ်များကို အတည်ပြုပြဌာန်းရသည်။
ကင်ဂျုံးအွန်အနေဖြင့် အဆိုပါ ညီလာခံသို့ လူကိုယ်တိုင် တက်ရောက်ခြင်း မရှိသော်လည်း မိန့်ခွန်းပေးပို့ခဲ့ကြောင်း ယင်းသတင်းက ဖော်ပြသည်။
မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နို်င်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၂၀၁၈ အသုံးစရိတ်၏ ၁၅ ဒဿမ ၉ ရာခိုင်နှုန်း အတည်ပြုရာ ယခင်နှစ်က နှုန်းထားအတိုင်းပဲ ဖြစ်ပြီး နိုင်ငံ၏ ဘတ်ဂျက်သည် တစ်နှစ်ထက်တစ်နှစ် ၅ ဒဿမ ၁ ရာခိုင်နှုန်း မြင့်မားလာသည် ခန့်မှန်းကြောင်း KCNA သတင်းဌာနက အသုံးစရိတ် ပမာဏ တိတိကျကျ မဖော်ပြဘဲ သတင်းထုတ်ပြန်ခဲ့သည်။