ပဋိပက္ခတွေကြားက နိုင်ငံသားစီစစ်မှု ဘာတွေ ဆက်ဖြစ်လာမှာလဲ

ပဋိပက္ခတွေကြားက နိုင်ငံသားစီစစ်မှု ဘာတွေ ဆက်ဖြစ်လာမှာလဲ
ဓာတ်ပုံ-အေးချမ်းခိုင်

ဧပြီ ၁၂ ။             ။ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ နေရာဒေသမှာ ဒေသခံလူထု တွေဟာ အမြဲလိုလို ထိခိုက်ခံစားရတာတွေ ရှိနေပါတယ်။ ဒီလိုမျိုးကိစ္စတွေကို ရခိုင်ပြည်နယ် မောင်တောဒေသမှာ အများအပြားတွေ့မြင်နေရဆဲပါ။

နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာတွေ ၊ လွတ်လပ်စွာ သွားလာခွင့်မရသေးတာတွေ ၊ နိုင်ငံသားစိစစ်မှု မခံယူရသေး တာတွေ စတဲ့ပြဿနာတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်နေပါတယ်။

မိဘနှစ်ပါးစလုံးဟာ မြန်မာနိုင်ငံမှာနေထိုင်ခဲ့သူဖြစ်ပြီး နိုင်ငံသားလက်မှတ်ကိုင်ဆောင်ထားပေမယ့် သူကတော့ အခုထက်ထိ နိုင်ငံသားကတ်မရသေးဘူးလို့ မောင်တောခရိုင် ငန်းချောင်းရွာသားတစ်ဦးဖြစ်သူ မောင်ထွန်းရှိန် က ပြောပါတယ်။   

"သွားလို့လာလို့ မရပါဘူး။ NV Card ကိုင်ရပါတယ်။ ကျွန်တော်တို့မိဘမှာ မှတ်ပုံတင်ရှိပါတယ်။ အဲ့ဒါကြောင့် ကျွန်တေ်ာက NV Card ကို ကိုင်စရာမလိုပါဘူး။ ဥပဒေအရ နိုင်ငံသားလျှောက်ရင် ကတ်ရမှာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့ နိုင်ငံသားကတ် ရမယ့် အခွင့်အရေးကို လက်လွှတ်ပြီး ဘာလို့ NV Card ကိုင်ဆောင်ဖို့ စစ်ဆေးခံရမှာလဲ ဆိုပြီး NV Card မကိုင်ပါဘူး။ NV Card  မရှိဘဲ ဘာမှလုပ်လို့မရပါဘူး။ ဟိုသွားဒီသွားလည်း သွားလို့မရပါဘူး"လို့ အသက် ၂၀ အရွယ် မောင်ထွန်းရှိန်က ပြောပါတယ်။

မောင်ထွန်းရှိန်က ဆယ်တန်းကို ဇီဝဗေဒဘာသာရပ်နဲ့ ဂုဏ်ထူးထွက်အောင် ဖြေဆိုအောင်မြင်ထားပေမယ့် အခုထက်ထိတော့ တက္ကသိုလ် တက်ရောက်ခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။

 NV Card လို့ခေါ်တဲ့ နိုင်ငံသားအသိမှတ်ပြု ကတ်တစ်မျိုးမျိုး ကိုင်ဆောင်ထားမှသာ ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရမယ်လို့ အစိုးရဘက်က ပြောဆိုထားပါတယ်။ နိုင်ငံသားစိစစ်ခံမယ့်သူတွေရဲ့ လက်ထဲမှာ ဘာကတ်မှ ရှိမနေဘူးဆိုရင်  NV Card ကို ဥပဒေနဲ့ အညီ ပထမဆုံး လုပ်ကိုင်ရမှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်ကဆိုပါတယ်။

"ဟိုဘက်ကမ်းကို ရောက်သွားတဲ့အထဲမှာ အရင်တုန်းက အမျိုးသားမှတ်ပုံတင်ကတ်ပြား ကိုင်တဲ့သူတွေ ရှိရင်ရှိမယ်။ အဲ့ဒါဆို NV Card  ကို ကိုင်စရာမလိုပါဘူး။ ဟိုတုန်းက ထုတ်ပေးထားတဲ့ အမျိုးသား မှတ်ပုံတင်ကတ်ပေါ့ ၊ အဲ့ဒါကိုင်တဲ့သူဆိုရင် သူက သက်သေခံဖြစ်သွားပြီး ဖြစ်တဲ့အတွက် ဒီ NV Card ကို ကိုင်စရာမလိုပါဘူး။ ဘာမှ ကိုင်ဆောင်ထားခြင်းမရှိတဲ့ သူတွေကိုပဲ NV Card  ထုတ်ပေးမှာပါ။  အဲ့ဒါလည်း သူတို့အကျိုးအတွက် ထုတ်ပေးတာ ဘယ်သူဘယ်ဝါဆိုတာကို သိအောင် ကျွန်တော်တို့က ထုတ်ပေးတာ ဖြစ်ပါတယ်" လို့ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်က ပြောပါတယ်။

နိုင်ငံသားကတ်ရရှိပြီး အင်ဂျာနီယာကျောင်းတက်ဖို့က သူ့ရဲ့ ရည်မှန်းချက်ဖြစ်တယ်လို့ ဆယ်တန်းအောင်မြင်ပြီး သား ဖြစ်တဲ့ မောင်ထွန်းရှိန်က ပြောပါတယ်။ ပဋိပက္ခတွေ   ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ  နိုင်ငံသား အခွင့်အရေးရရှိဖို့ လျစ်လျူရှုခံရတာတွေ ၊ ပညာဆက်လက် သင်ယူဖို့ အခြေအနေတွေ မရှိခဲ့တာတွေဟာ ရခိုင်ပြည်နယ်အတွင်းမှာ အမြောက်အမြား ရှိနေပါတယ်။

အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ နိုင်ငံသားစီစစ်မှုကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ဦးဖြစ်တဲ့ မသင်းနုဆွေက အခုလို ပြောပါတယ်။ "အကြမ်းဖက်မှုတွေမလုပ်ထားဘူး။   ဘာမှလည်း မတိုက်ခိုက်ထားဘူးဆိုရင် မွတ်စလင်လည်း လူပဲလို့မြင်တယ်။ အကယ်၍ ကိုယ့်မြန်မာပြည်မှာပဲ ကြီးပြင်းလာတယ်ဆိုရင် အကုန်လုံးက ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင်ပဲ နေကြတယ်။ တစ်ယောက်ကို တစ်ယောက်ကူညီကြတယ်၊ ရိုင်းပင်းကြတယ်။ အကယ်၍သာ သူတို့က အကြမ်းဖက်သမားတွေမဟုတ်ဘူး အချင်းချင်းလည်း တိုက်ခိုက်နေတာမဟုတ်ဘူးဆိုရင် သူတို့ကို လွတ်လွတ်လပ်လပ်သွားလာခွင့် ၊ ပညာသင်ခွင့် ရစေချင်တယ်။ ကောင်းကောင်းမွန်မွန်ဘဲ သူတို့ကို နေထိုင်ခွင့် ပေးစေချင်တယ်" လို့ သူ့အမြင်ကိုပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly