ဖေ့ဘွတ်စ်ပေါ် အမုန်းစကားလျော့နည်းရန် မြန်မာအခြေအနေ နားလည်သည့် စောင့်ကြည့်သူလို

ဖေ့ဘွတ်စ်ပေါ် အမုန်းစကားလျော့နည်းရန် မြန်မာအခြေအနေ နားလည်သည့် စောင့်ကြည့်သူလို

ရန်ကုန်၊ ဧပြီ ၁၂ ။             ။ မြန်မာနိုင်ငံ ဖေ့ဘွတ်စ်ပေါ် အမုန်းစကားဖြန့်ဝေနေမှုများ လျော့နည်းစေရန် မြန်မာဘာသာစကားနှင့် အခြေအနေနားလည်သည့် စောင့်ကြည့်သုံးသပ်သူများ အလုံအလောက်တိုးမြှင့်ခန့်အပ်ထားရန် အရပ်အဖက်အဖွဲ့အစည်းများက ဖေ့ဘွတ်စ်ကို ထပ်မံတောင်းဆိုခဲ့ကြသည်။

ဖန်​တီးရာ၊ MIDO ၊ Burma Monitor ၊ Equality Myanmar စသည့်အဖွဲ့အစည်းများက တောင်းဆိုချက်များနှင့်ပတ်သတ်၍ ရန်ကုန်မြို့ ဖန်တီးရာ ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

မြန်မာဘာသာစကားနှင့် အခြေအနေနားလည်သည့် စောင့်ကြည့်သုံးသပ်သူများ အလုံအလောက်တိုးမြှင့်ခန့်အပ်ထားရန်၊ အမုန်းတရားပွားစေသည့်ပို့စ်များနှင့်ဖြန့်ဝေသည့်သူများကို စောင့်ကြည့်ဖယ်ရှားနိုင်ရန် နည်းပညာတွင်ပိုမိုမြုပ်နှံရန်စသည့်အချက်များပါရှိသည့် တောင်းဆိုချက်ကို ဖေ့ဘွတ်စ်သို့ ပေးပို့ထားကြောင်း သိရသည်။

"ကျွန်တော်တို့တိုင်းပြည်မှာ လူမျိုးရေးအုပ်စုတွေ အများကြီးရှိကြတယ် ။ မတူညီတဲ့ဘာသာတွေရှိကြတယ် ။ ဒါပေမယ့်အဲဒီအပေါ်မှာ ဖေ့ဘွတ်စ်ကိုအသုံးချပြီးတော့ ဘာသာတစ်ခုနဲ့တစ်ခုမုန်းတီးအောင် လူမျိုးတစ်ခုနဲ့တစ်ခုကြားမှာ အထင်လွဲမှားအောင် ရည်ရွယ်ချက်ရှိရှိ အသုံးပြုနေတဲ့သူတွေရှိပါတယ်။ ရည်ရွယ်ချက်ရှိရှိ သတင်းအမှားတွေကို ဖန်တီးထုတ်လုပ်ပြီးတော့ ပိုပြီးတော့မုန်းတီးမှုတွေ ပွားများလာအောင် လုပ်ဆောင်နေတာရှိပါတယ် ။ အဲဒါကျွန်တော်တို့အားလုံး ကြံုတွေ့နေရတဲ့ပြဿနာပါပဲ"ဟု Equality Myanmar မှ ဦးအောင်မျိုးမင်း က ပြောသည်။

မြန်မာနိုင်ငံအတွက် ဖေ့ဘွတ်စ်ပေါ်တွင် စောင့်ကြည့်သူများကို ထပ်မံခန့်ထားမည်ဆိုပါက မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို နားလည်သဘောပေါက်ထားသည့်လူများ ခန့်အပ်သင့်သည်ဟုဆိုသည်။

ဧပြီလ ၁၀ရက်နေ့တွင် မြန်မာနိုင်ငံအရေးကိစ္စနှင့် ပတ်သတ်၍ အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကို Mark Zukerberg က  မြန်မာဘာသာစကားဖြင့် ရေးသားထားသည့် အကြောင်းအရာများကို နားလည်သည့် ၀န်ထမ်းများ ခန့်အပ်သွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိအရပ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမုန်းစကားဖြစ်စေမည့်ပို့စ်များနှင့် ဖြန့်ဝေသူများ၏အကောင့်များကိုပိတ်သိမ်းသွားမည်ဖြစ်ကြောင်း၊ ဖေ့ဘွတ်စ်အနေဖြင့် မြန်မာနိုင်ငံနှင့် ဆိုင်သည့် ၀န်ဆောင်မှုများတွင် နည်းပညာဆိုင်ရာပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags