လိုင်ဇာဌာနချုပ်အနီးအပါအဝင် KIA တပ်ရင်းဌာနချုပ် တပ်မဟာဌာနချုပ်များအား လက်နက်ကြီးဖြင့် ပစ်ခတ်

လိုင်ဇာဌာနချုပ်အနီးအပါအဝင် KIA တပ်ရင်းဌာနချုပ် တပ်မဟာဌာနချုပ်များအား လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန် ၊ ဧပြီ ၁၂ ။                       ။ ကချင်လွတ်လပ်ရေးတပ် KIA ဌာနချုပ် လိုင်ဇာအနီးပတ်ဝန်းကျင် ဒေသများနှင့် KIA တပ်ရင်းဌာနချုပ် တပ်မဟာဌာနချုပ် နေရာများကို ယမန်နေ့ ဧပြီလ ၁၁ ရက်နေ့ နေ့လည်ပိုင်းခန့်တွင် တပ်မတော်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက မဇ္စျိမသို့အတည်ပြုပြောဆိုသည်။

"မနေ့က နေ့လည် ၂ နာရီလောက်အချိန်မှာ ဌာနချုပ် လိုင်ဇာအနီးတဝိုက်နဲ့ အခြားမှာရှိတဲ့ KIA တပ်စခန်းတွေ တော်တော်များများကို တပ်မတော်ဘက်က လက်နက်ကြီးနဲ့ ပစ်ခဲ့ပါတယ်။ လက်နက်ကြီးဆိုတဲ့နေရာမှာ ၈၀ မမ တို့ ၁၀၅ မမတို့နဲ့ ပစ်တာဖြစ်ပါတယ်" ဟု ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။

တနိုင်းဒေသတွင် အခြေစိုက်သည့် KIA တပ်မဟာ (၂) ဌာနချုပ် နှင့် ကဆုန်ဒေသရှိ တပ်ရင်း(၁၁) ဌာနချုပ် တို့ကိုလည်း လေယာဉ်ပျံဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းများ ရှိသည်ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအား မဇ္စျိမက ဆက်သွယ်မေးမြန်းခဲ့ သော်လည်း ဖုန်းပြန်လည်ဖြေဆိုခဲ့ခြင်းမရှိပေ။

ယခုလက်ရှိရက်ပိုင်းအတွင်း ကချင်ပြည်နယ်၌ တပ်မတော်ဘက်မှ စစ်အင်အားတိုးချဲ့လာနေခြင်းများ ရှိနေပြီး KIA နှင့် ထိတွေ့ရင်ဆိုင်တိုက်ပွဲများ မကြာခဏဆိုသလို ဖြစ်ပွားခဲ့သည်ဟု KIA ဘက်က ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် တပ်မတော်တပ်ရင်း ခလရ ၂၅၅ နှင့် KIA တပ်ရင်း ၆ တို့ ဖားကန့်အနီး တံတားညီနောင်၌ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ စစ်ကြောင်းမှူး ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သည် ၆ ဦး ကျဆုံးခဲ့သည်။

ယင်းအပြင် ကချင်ပြည်နယ် တနိုင်းဒေသဘက်တွင်လည်း KIA ဘက်မှ တပ်မတော်အား  ပြောက်ကျားစစ်ဖြင့်  ပြန်လည်တိုက်ခိုက်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly