စီရော်နယ်လ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးဖြင့် ရီးယဲလ်တို့ ဆီမီးဖိုင်နယ်တက်၊ ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ ဂိုးမရှိသရေကျတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ

စီရော်နယ်လ်ဒိုရဲ့ ပင်နယ်တီသွင်းဂိုးဖြင့် ရီးယဲလ်တို့ ဆီမီးဖိုင်နယ်တက်၊ ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ ဂိုးမရှိသရေကျတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ
(ဓာတ်ပုံ - အီးပီအေ)

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ လက်ကျန်ပွဲစဉ် နှစ်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ လက်ရှိချန်ပီယံ ရီးယဲလ်အသင်းဟာ စီရော်နယ်လ်ဒိုရဲ့ ပင်နယ်တီသွငး်ဂိုးဖြင့် ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ကတော့ ဂိုးမရှိသရေဖြင့် ဘိုင်ယန်အသင်းက နောက်တစ်ဆင့် ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် ၁-၃ ဂျူဗီတပ်စ် (နှစ်ကျော့ပေါင်း ၄-၃ ဂိုးဖြင့် ရီးယဲလ်တက်)

ဂိုး - စီရော်နယ်လ်ဒို ၉၇ မိနစ် (P) - မန်ဇူကစ် ၂၊ ၃၇ မိနစ်၊ မာတူဒီ ၆၁ မိနစ်

လက်ရှိချန်ပီယံ ရီးယဲလ်မက်ဒရစ်အသင်းဟာ ဂျူဗီတပ်စ်ကို ရှုံးနိမ့်နေရာမှ ခရစ္စတီရာနိုရော်နယ်လ်ဒိုရဲ့ နာကျင်အချိန်ပို ပင်နယ်တီသွင်းဂိုးကြောင့် ပြန်လာနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၄ ရာသီမှာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့တဲ့ ရီးယဲလ်အသင်းဟာ ပထမအကျော့မှာ ရော်နယ်လ်ဒိုရဲ့ bicycle kick ဂိုးအပါအဝင် ဂျူဗီတပ်စ်ကို ၃-၀ ဂိုးနဲ့ ဒုတိယအကျော့ကို အိမ်ကွင်း ဘာနေဗျူးမှာ အိုးလေဒီတို့ကို ဧည့်ခံကစားခဲ့ပါတယ်။

ဒါပေမယ့် ဂျူဗင်တပ်စ်တို့က အဝေးကွင်းကစားရတာဖြစ်ပေမယ့် ခြေစွမ်းပြပြီး ရီးယဲလ်တို့ကို ပွဲပြီးခါနီးအထိ ၃ ဂိုးနဲ့ ဦးဆောင်ခဲ့တာဖြစ်ပါတယ်။

ဂျူဗီအတွက် ဆီမီးဖိုင်နယ်တက်ရောက်နိုင်ရေး မျှော်လင့်ချက်တွေကိုတော့ ပွဲကစားချိန် ၂ မိနစ်၊ ၃၇ မိနစ်တို့မှာ မန်ဇူကစ်က သွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ၆၁ မိနစ်မှာတော့ ဘလက်ဆီ မာတူဒီက ရီးယဲလ်ဂိုးသမား နာဗတ်စ်လက်က လွတ်ကျလာတဲ့ ဘောလုံးကို ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နှစ်သင်းလုံးအတွက် နှစ်ကျော့ပေါင်း ၃ ဂိုးစီနဲ့ သရေဖြစ်ချိန်မှာတော့ နောက်ထပ်အချိန်ပိုအထိ ဆက်ကစားရမယ့် အနေအထားဖြစ်ခဲ့ပေမယ့် ပွဲပြီးခါနီးအချိန်မှာ ရီးယဲလ်အသင်း ကွင်းလယ်ကစားသမား လူးကပ်စ် ဗာကွက်ဇ်ကို ဂျူဗီနောက်ခံလူ မက်ဒီဘန်နာတီက ဂိုးဧရိယာထဲမှာ တွန်းလဲခဲ့အတွက် ရီးယဲလ်တို့ ပင်နယ်တီရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ရော်နယ်လ်ဒိုက ၉၇ မိနစ်မှာ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။

ဒါ့အပြင် ချန်ပီယံလိဂ်မှာ နောက်ဆုံးကစားတဲ့ ပွဲစဉ်ဖြစ်လာမယ့် ဂျူဗီအသင်းခေါင်းဆောင် ဂိုးသမား  ဘူဖွန်ဟာလည်း ပင်နယ်တီပေးလိုက်ရပြီးနောက် အင်္ဂလိပ်ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို တွန်းထိုးသလိုဖြစ်ခဲ့ပြီး ကြမ်းတမ်းတဲ့ စကားမျိုးပြောဆိုခဲ့တာကြောင့် တိုက်ရိုက်အနီကဒ်နဲ့ ကွင်းထဲကနေ ထွက်ခဲ့ရပါတယ်။

ရီးယဲလ်အသင်းဟာ ဂျူဗီတပ်စ်အသင်းကို နှစ်ကျော့ပေါင်း ၄-၃ ဂိုးနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ် ၀-၀ ဆီဗီလား 
(နှစ်ကျော့ပေါင်း ၂-၁ ဂိုး ဖြင့် ဘိုင်ယန်တက်)

ချန်ပီယံလိဂ် အခြားကွာတားဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဆီဗီလာတို့ ယှဉ်ပြိုင်ကစားခဲ့ရာ တဖက်နဲ့တဖက် ဂိုးမသွင်းနိုင်ပဲ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဒါက ဘိုင်ယန်အသင်းအတွက် အိမ်ကွင်း ချန်ပီယံလိဂ်ပွဲစဉ် ၂၂ ပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဂိုး မသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပထမအကျော့မှာတုန်းက ဘိုင်ယန်က အဝေးကွင်းမှာ ဆီဗီလာကို ၂-၁ ဂိုးနဲ့ အနိုင်ရထားတဲ့အတွက် နောက်တဆင့်ကို တက်ရောက်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ရောက်ရှိတဲ့ အသင်း ၄ သင်းကတော့ ရီးယဲလ်၊ လီဗာပူးလ်၊ ရိုမားနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေဖြစ်ပြီး ဒီအဆင့်အတွက် မဲခွဲမှုကို သောကြာနေ့မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags