သင်္ကြန်ကို ဘေးကင်းလုံခြံုအောင် ဘယ်လိုပျော်မလဲ

သင်္ကြန်ကို ဘေးကင်းလုံခြံုအောင် ဘယ်လိုပျော်မလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

မနေ့တစ်နေ့က ရွာသွန်းခဲ့တဲ့ သင်္ကြန်မိုးနဲ့အတူ ပိတောက်တွေပွင့်ပြီး သင်္ကြန်အရသာကို တော်တော်လေးခံစားနေရပါပြီ။ စာမေးပွဲတွေပြီးလို့ ကျောင်းသင်္ကြန်တွေတောင်ကျပြီးနေတဲ့အနေအထားမှာ တကယ့်သင်္ကြန်စစ်စစ်ကို အပြည့်အဝ ခံစားဖို့ပဲလိုပါတော့တယ်။ သင်္ကြန်ကို ဘယ်လိုဖြတ်သန်းမယ်စဉ်းစားထားလဲ ပရိသတ်တို့။ သင်္ကြန်က ပျော်စရာကောင်းပေမယ့် အပျော်တတ်ဖို့လည်းလိုပါသေးတယ်။ သင်္ကြန်ကိုဘေးကင်းကင်းနဲ့ဘယ်လိုပျော်ကြမလဲ။

သင်္ကြန်ကို ဘေးကင်းကင်းနဲ့ပျော်ပါဆိုလို့ ဘာဖြစ်စရာရှိမှာလဲလို့များတွေးနေလား။ သင်္ကြန်ရေနဲ့ နေဒဏ်လေဒဏ်တွေကြောင့် ထိခိုက်နိုင်တာတွေအများကြီးပါ။ အများကြီးထဲကမှ အဓိကသတိထားသင့်တဲ့ မြင်သာတဲ့ ထိခိုက်နိုင်ခြေလေးတွေကိုပြောပြပေးပါရစေ။ ဒါတွေကတော့ မျက်လုံး၊နား၊အသားအရေနဲ့ဆံသားပါ။

သင်္ကြန်ရေကြောင့် မျက်လုံးထိခိုက်ခဲ့ရင်

မျက်လုံးက ခန္ဓာကိုယ်ရဲ့ အနုနယ်ဆုံးအစိတ်အပိုင်းပါ။ မျက်လုံးက နုနယ်တာကြောင့် ထိခိုက်လွယ်မယ်ဆိုတာကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူး။ မျက်လုံးထဲကို ပြင်ပအရာဝတ္ထုတွေ၊ မသန့်ရှင်းတဲ့ရေတွေ နဲ့ ဖုန်မှုန့်တွေဝင်ရောက်တဲ့အခါ မျက်လုံးထိခိုက်တာနဲ့ ရောဂါတွေဖြစ်လာနိုင်ပါတယ်။

မျက်လုံးကိုထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ်တွေ၊မှိုပိုးတွေနဲ့ ဘက်တီးရီးယားတွေကတော်တေ်ာလေးများပါတယ်။ တစ်မျိုးစီတိုင်းက မျက်လုံးကိုထိခိုက်စေနိုင်ပေမယ့် ထိခိုက်စေတဲ့ ပုံစံချင်းတော့မတူနိုင်ပါဘူး။ ဒါပေမယ့် မျက်လုံးထဲကို မသန့်ရှင်းတဲ့အရာတွေဝင်ရောက်တဲ့အခါ မျက်လုံးထဲမှာ နာကျင်တာ၊ ယားယံတာ၊ မျက်ရည်ကျတာ၊ အမြင်အာရုံဝေဝါးတာတွေဖြစ်နိုင်ပါတယ်။ သင်္ကြန်လည်တဲ့အခါ ရေထဲမှာ မသန့်ရှင်းတဲ့အရာတွေ၊ ဘက်တီးရီးယားတွေ၊ဖုန်မှုန့်တွေနဲ့မှိုပိုးတွေပါလာပြီး မျက်လုံးထဲကို မတော်တဆဝင်သွားတာဖြစြ်ဖစ်၊ ဆပ်ပြာရည်လိုမျိုးအရာတွေ မျက်စိထဲဝင်သွားတာကြောင့်ဖြစ်ဖြစ် မျက်လုံးကိုထိခိုက်စေနိုင်သလို မျက်လုံးထဲက သေးငယ်တဲ့သွေးကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ သင်္ကြန်တွင်းမှာ မျက်လုံးကို သေချာဂရုစိုက်ဖို့လိုပါမယ်။ နောက်ထပ်သတိထားသင့်တာတစ်ခုက မျက်ကပ်မှန်မတပ်ဖို့ပါ။ သင်္ကြန်လည်တဲ့သူတွေအနေနဲ့ မျက်လုံးကိုမျက်ကပ်မှန်တပ်တာမျိုးလုံးဝမလုပ်သင့်ပါဘူး။

မျက်လုံးကရောင်ရမ်းတာ၊ မျက်ဖြူသားနီမြန်း၊ မျက်လုံးထဲကနာလာတာ၊ မျက်ရည်တွေကျနေတာ၊ မျက်ခွံတွေက အထိမခံနိုင်အောင်နာနေတာမျိုးဖြစ်မယ်ဆိုရင်တော့ မျက်လုံးထဲကို ပိုးဝင်ကူးစက်တာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းမပြင်းထန်တဲ့ မျက်လုံးထိခိုက်မှုမျိုးဆိုရင်တော့ တဘက်စသန့်သန့်လေးမှာ ရေသန့်သန့်လေးစွတ်ပြီး မျက်လုံးပေါ်မှာကပ်ပေးပါ။ ရေနွေးနွေးလေးစွတ်ပြီး ကပ်ပေးလို့လည်းရပါတယ်။

မျက်လုံးထိခိုက်မှုကို သက်သာအောင်လုပ်တဲ့အခါ မေ့မထားသင့်တာတစ်ခုက လက်ကိုသန့်စင်အောင်ဆေးကြောပြီးမှ မျက်လုံးကို ကိုင်တွယ်ထိတွေ့ဖို့ပါ။ မျက်လုံးကို မျက်စဉ်းခပ်ပေးလို့လည်းရပါတယ်။ မျက်စဉ်းခပ်ပြီးတဲ့အခါ မျက်လုံးကို ၂ မိနစ် ကနေ ၃ မိနစ်လောက်အထိမှိတ်ထားပေးပါ။ မျက်စဉ်းခပ်တာကလည်း မျက်လုံးထိခိုက်တာကို သက်သာစေနိုင်ပါတယ်။ ဒီလိုတွေလုပ်နေပေမယ့် မသက်သာဘူးဆိုရင်တော့ မျက်စိဆရာဝန်နဲ့ပြသကြည့်ဖို့ပြောပါရစေ။

သင်္ကြန်ရေကြောင့် နားထိခိုက်မိခဲ့ရင်

သင်္ကြန်ရေဆော့ရင်း နားထဲကိုရေဝင်တာ၊ ရေခပ်ကြမ်းကြမ်းအပက်ခံရတာကြောင့် နားထိခိုက်တာမျိုးတွေရှိနိုင်ပါတယ်။နားထိခိုက်မိတဲ့အခါ ချက်ချင်းမသိနိုင်ပေမယ့် တဖြည်းဖြည်းချင်းနဲ့ နားကိုက်တာ၊ နားထဲကနေ တဒုတ်ဒုတ်ခုန်နေသလိုမျိုးနာတာ၊ အဖျားဝင်တာ၊ နားတဝိုက်မှာရောင်ရမ်းတာနဲ့ နားပြည်ယိုတာတွေဖြစ်လာနိုင်ပါတယ်။ သာမန်ရေဝင်တာကြောင့်ဖြစ်တာဆိုရင်တော့ အချိန် နည်းနည်းလောက်ယူလိုက်ရင်ပျောက်ကင်းနိုင်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ နားထဲကို ဗိုင်းရပ်စ်တစ်မျိုးမျိုးကူးစက်ခံရတာကြောင့်ဖြစ်မယ်ဆိုရင်တော့ ပြန်ကောင်းလာဖို့အတွက် အချိန်ယူရနိုင်ပါတယ်။ နားထဲကို မသန့်ရှင်းတဲ့ အရည်တစ်မျိုးမျိုးဝင်တာကနေတဆင့်လည်း နားထဲကို ဗိုင်းရပ်စ်ဝင်ရောက်တာမျိုးဖြစ်နိုင်ပါတယ်။ သင်္ကြန်မှာ ရေတိုင်းကမသန့်နိုင်တာကြောင့် ရေပက်ခံထွက်တဲ့အခါမျိုးမှာ နားထဲကို ရေမဝင်အောင်တတ်နိုင်သမျှသတိထားပေးပါ။ နားက ကိုက်နေတာ၊ အဖျားတက်လာတာ၊ နားထဲက ပြည်ထွက်တာမျိုးဖြစ်လာမယ်ဆိုရင်တော့ တတ်သိနားလည်တဲ့သူနဲ့သွားရောက်ပြသပေးပါ။

သင်္ကြန် နဲ့ ဆံသားပျက်စီးခြင်း

သင်္ကြန်ရောက်ပြီဆိုရင် ဆံသားတွေကို အရောင်ဆိုးတာနဲ့ အမျိုးမျိုးသောပြင်ဆင်မှုတွေကို ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလိုလုပ်တာက ဆံသားတွေကို ပျက်စီးစေနိုင်တယ်ဆိုတာက ပြောစရာတောင်မလိုပါဘူး။ ဒါတွေအပြင် သင်္ကြန်မှာရေအမျိုးမျိုးနဲ့ထိတွေ့တဲ့ဒဏ်၊ နေရောင်ခြည်ထိတွေ့တဲ့ဒဏ်တွေကြောင့်လည်း ဆံသားက ပျက်စီးနိုင်ပါသေးတယ်။ သင်္ကြန်မှာ ကန်ရေ၊ သိုလှောင်ထားတဲ့ရေတွေနဲပ လျောင်းတေါလိုမျိုးထဲကရေတွေကို ပက်ကြတာကြောင့် ရေထဲမှာပျော်ဝင်နေတဲ့ မမြင်ရတဲ့ ဓာတ်တွေအများကြီးပါဝင်နေနိုင်ပြီး ဆံသားခြောက်သွေ့တာ၊ ဆံပင်ကျွတ်တာနဲ့ ဆံသားထိခိုက်ပျက်စီးတာမျိုးတွေဖြစ်နိုင်ပါတယ်။ ရေထဲမှာ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ ဆီလီကာတွေအများကြီးပါဝင်နေမယ်ဆိုရင်လည်း ဆံသားကိုထိခိုက်ပျက်စီးစေနိုင်ပြီး ဆံပင်ကျွတ်တာမျိုးတွေဖြစ်စေနိုင်ပါတယ်။ မြေအောက်ရေတွေမှာလည်း သံဓာတ်ပါဝင်မှုများတာကြောင့် ဆံသားထိခိုက်ပျက်စီးတာမျိုးတွေကို ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် သင်္ကြန်လျှောက်လည်ပြီးပြန်လာတဲ့အခါ ခေါင်းကိုပြန်လျှော်ပေးပါ။ ဆံပင်ပေါင်းတင်တာနဲ့ သံလွင်ဆီ၊အုန်းဆီလိုမျိုး သဘာဝအဆီတွေကိုလူးပြီး ဆံသားနဲ့ဦးရေကိုအားဖြည့်ပေးလိုက်ပါ။ နေရောင်ခြည်ဒဏ်ကြောင့် ဆံသားပျက်စီးတာမဖြစ်စေဖို့အတွက် ဦးထုပ်ဆောင်းပေးပါ။

သင်္ကြန် နဲ့ အသားအရေထိခိုက်ပျက်စီးခြင်း

သင်္ကြန်မှာ ရေကြောင့် အသားအရေထိခိုက်ပျက်စီးနိုင်သလို နေဒဏ်။လေဒဏ်ကြောင့်လည်း အသားအရေထိခိုက်ပျက်စီးနိုင်ပါတယ်။ လေဒီတွေဆိုရင် ရေစိုခံ အလှအပပစ္စည်းတွေကြောင့် အသားအရေထိခိုက်ပျက်စီးမှုတွေပိုဖြစ်နိုင်ပါတယ်။  မသန့်ရှင်းတဲ့ရေတွေနဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်တွေကြောင့် အသားအရေခြောက်သွေ့ပျက်စီးတာ၊ နေလောင်တာ၊ အရေပြားယားယံတာတွေဖြစ်နိုင်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ဆပ်ပြာရည်တွေ အမွှေးနံ့ပါတဲ့ရေတွေကြောင့် အသားအရေခြောက်သွေ့နိုင်တာပါ။  သင်္ကြန်ရေကြောင့် အသားအရေထိခိုက်ပျက်စီးတာမျိုး မဖြစ်စေဖို့ဆိုရင် သင်္ကြန်လည်ပြီးပြန်လာတိုင်း ရေချိုးသန့်စင်ပေးပါ။ ရေစိုထားတာပဲ ရေမချိုးတာ့ဘူးလို့မနေပါနဲ့။ ဆပ်ပြာနဲ့ရေသန့်သန့်လေးကိုသုံးပြီးရေချိုးပေးပါ။ မျက်နှာပေါ်က မိတ်ကပ်တွေကို သန့်စင်အောင်လုပ်ပြီး မျက်နှာကို သန့်စင်ပေးပါ။ ပြီးရင်တော့ ညလိမ်းခရင်လူးပေးပါ။ အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလူးပေးလို့လည်းရပါတယ်။ ခန္ဓာကိုယ်အတွက်ကတော့ body lotion တစ်မျိုးမျိုးလူးပေးပါ။ မနက်ခင်း သင်္ကြန်မလည်ခင်မှာလည်း အိမ်ကနေမထွက်ခင် နာရီဝက်အလိုလောက်မှာ နေလောင်ကာခရင်မ်လူးပေးပါ။

အခုပြောပြခဲ့တဲ့အချက်လေးတွေကို သတိထားလုပ်ဆောင်ပြီး မကြာခင်ရက်ပိုင်းအတွင်းကျရောက်တော့မယ့် နှစ်သစ်ကူးသင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်ဘေးကင်းကင်းနဲ့ ဖြတ်သန်းလိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly