၂၀၁၉တွင် မြန်မာနိုင်ငံ GDP တိုးတက်မည်ဟု ADB ခန့်မှန်း

၂၀၁၉တွင် မြန်မာနိုင်ငံ GDP တိုးတက်မည်ဟု ADB ခန့်မှန်း

ရန်ကုန်၊ ဧပြီ ၁၁ ။              ။ ၂၀၁၉ တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ရန်အလားအလာရှိနေပြီး GDP(ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး)၇ .၂ ရာခိုင်နူန်းအထိတိုးတက်လာမည်ဟု ခန့်မှန်းထားကြောင်းအာရှဖွံ့ဖြိုးရေးဘဏ် (ADB)ထုတ်ပြန်ခဲ့သည်။

အာရှဖွံ့ဖြိုးရေးအလားအလာ ၂၀၁၈ ဆိုသည့်ခေါင်းစဉ်ဖြင့် ADB၏ ထုတ်ပြန်ချက်နှင့်ပတ်သတ်၍ ဧပြီလ ၁၁ရက်နေ့တွင် ရန်ကုန်မြို့ Panpacific Hotel ၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ADB ခန့်မှန်းချက်များအရစိုက်ပျိုးရေးကဏ္ဍတွင် ပုံမှန်မိုးလေဝသအခြေအနေနှင့် ကုန်စည်စျေးနူန်းများကြောင့် အခြေအနေဆက်လက်တိုးတက်မည်ဖြစ်ပြီးစက်မှုကဏ္ဍပိုင်းတွင် ယခုနှစ် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် အင်အားကောင်းမွန်နေမည်ဟုဆိုသည်။

ထို့အပြင် ၀န်ဆောင်မှုလုပ်ငန်းများအပိုင်းတွင် ခိုင်မာသည့်ခရီးသွားလုပ်ငန်းအဖြစ် ဖွံ့ဖြိုးလာစေဖို့နှင့် ဆက်သွယ်ရေးနည်းပညာဝန်ဆောင်မှုလုပ်ငန်းများကို ချဲ့ထွင်သင့်ကြောင်းသုံးသပ်ထားသည်။

“Service Sector(၀န်ဆောင်မှုကဏ္ဍ)က စိုက်ပျိုးရေး၊ စက်မှုကဏ္ဍတွေလိုပဲနောက်ထက်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ Service Sector က နိုင်ငံရဲ့ GDP(ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) အပေါ်မှာသက်ရောက်မှုက ကြီးပါတယ်။ ကျွန်မတို့ကြည့်နိုင်ပါတယ်။ခရီးသွားလုပ်ငန်းတွေနဲ့ အိုင်တီနည်းပညာအပိုင်းတွေကိုအမှန်တကယ်သိသိသာသာကြီးထွားလာစေဖို့လုပ်ပေးသင့်ပါတယ်။ ဒါကကဏ္ဍအားလုံးရဲ့ဖွံ့ဖြိုးမှုနူန်းက ရ% ကျော်ဖို့အတွက်ပါ။”ဟု ADB Myanmar Resident Mission ၏ Principal Country Specialist ဖြစ်သူMs. Yumiko Tamura က ပြောသည်။

၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံ၏ငွေကြေးဖောင်းပွမှုနူန်းမှာလည်း ၆.၂ မှ ၆.၀ အဖြစ် ကျဆင်းသွားနိုင်သည်ဟုခန့်မှန်းထားသည်။

၄င်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းကအခြေအနေများက မြန်မာနိုင်ငံ၏စီးပွားရေးအခြေအနေကိုထိခိုက်စေသည်ဟုလည်းဆိုထားသည်။

မြန်မာနိုင်ငံ၏ GDP(ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) ၂၀၁၉ခုနှစ်တွင် ၈ ရာခိုင်နူန်းအထိတိုးတက်လာစေရန်အတွက် မြန်မာနိုင်ငံမှစီးပွားရေးပညာရှင်များကဧပြီလ ၈ရက်နေ့ကလည်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

တိုင်းပြည်၏ စိုက်ပျိုးရေးကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ၀န်ဆောင်မှုကဏ္ဍများကို အတူတကွတိုးတက်စေရန်ဆောင်ရွက်သင့်ကြောင်း သီလဝါအထူးစီးပွားရေးဇုံစီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူး ဒေါက်တာရွှေဟိန်းကသုံးသပ်ခဲ့သည်။

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏ GDP(ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး) ကို ၂၀၁၉ခုနှစ်တွင် ၆.၉ ရာခိုင်နူန်းရှိမည်ဟုခန့်မှန်းထားပြီးအာရှဖွံ့ဖြိုးရေးဘဏ်က ရ.၂ ရာခိုင်နူန်းရှိနိုင်ကြောင်းခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags