Huawei ရဲ့ စိတ်ဝင်စားဖွယ် Y9 (2018)ကို လေ့လာခြင်း

Huawei ရဲ့ စိတ်ဝင်စားဖွယ် Y9 (2018)ကို လေ့လာခြင်း

 

ပြိုင်ဆိုင်မှုများတဲ့ စမတ်ဖုန်းလောကကြားမှာHuawei ဟာသူ့ရဲ့ နာမည်ကျော် Y series ထဲကမော်ဒယ်တစ်မျိုးဖြစ်တဲ့Y9 (2018) ကိုအလန်းစားfeaturesများနဲ့ မတ်လက မြန်မာနိုင်ငံမှာ မိတ်ဆက်ခဲ့ပါတယ်။ Mid-range မော်ဒယ်ဖြစ်ပေမယ့် လှပသေသပ်တဲ့ဒီဇိုင်း၊ ချီးကျူးလောက်တဲ့ specification တွေနဲ့ ပွဲထွက်လာတဲ့ Y9 (2018) ဟာ user များအတွက် စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဘယ်လိုမျိုးထူးခြားတဲ့အတွေ့အကြံုမျိုးပေးစွမ်းနိုင်မလဲဆိုတာနဲ့ ပတ်သက်ပြီး hands-onလေ့လာခဲ့ပါတယ်။

ဒီဇိုင်းပိုင်းကစပြောရမယ်ဆိုရင် ပါးလွှာကျစ်လျစ်တဲ့ သတ္တုကိုယ်ထည်ဒီဇိုင်းပိုင်းကို 2.5D မျက်နှာပြင်အခုံးနဲ့ အပြီးသတ်ထားတာကြောင့် လက်ထဲမှာမြဲမြံပြီးကိုင်တွယ်ရအဆင်ပြေတာကိုတွေ့ရပါတယ်။ ၅.၉၃ လက်မရှိပြီး 18:9 ratio နဲ့လာတဲ့ Y9 ရဲ့ Full View Display ကို 2160 x 1080 FHD+ Resolution နဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ထွက်ကစွဲမက်စရာပါ။ မျက်နှာပြင်ကျယ်ကျယ်၊ ရုပ်ထွက်စိုစိုဆိုတော့ Video ပဲ ကြည့်ကြည့် ၊ ဂိမ်းပဲကစားကစား ကြည့်သမျှမြင်ကွင်းတိုင်းကပိုကြည့်လို့ကောင်းပါတယ်။ Back key ၊ home key နဲ့ multitasking key တွေကို Display ထဲ မြှုပ်ထားပြီးတော့  Huawei အမှတ်တံဆိပ်ကိုDisplay အောက်ခြေမှာလှလှပပနဲ့ ထွင်းထားတာကိုတွေ့မြင်ရပါတယ်။ နောက်ပြီးအောက်ဘက်မှာအားသွင်းကြိုးပေါက်၊ 3.5 mmနားကြပ်ပေါက်နဲ့ စပီကာ၊ဘေးတစ်ဖက်စီမှာ SIM card slot နဲ့ volume key ၊ power key တို့ပါဝင်ပါတယ်။ ရှေ့ဘက်မှာကင်မရာနှစ်လုံး၊ နောက်ဘက်မှာကင်မရာနှစ်လုံးနဲ့ ဒီဇိုင်းဆင်ထားပြီး Fingerprint ကိုလက်အလွယ်တကူကျတဲ့နေရာအလယ်လောက်မှာချထားပါတယ်။

Y9 ရဲ့လူအကြိုက်များဆုံးဖြစ်ဦးမယ့် featureကတော့ အထက်မှာပြောခဲ့တဲ့အတိုင်း ကင်မရာလေးလုံးပါဝင်တဲ့အချက်ပဲ ဖြစ်ပါတယ်။ရှေ့ဘက်မှာ 16MP+2MP ကင်မရာစနစ်ကိုသုံးထားတဲ့အပြင် Portrait mode တွေ၊ Bokeh effect ၊ အဆင့် ၁၀ ထိပါတဲ့ Beauty effect တွေများစွာပါလို့ Selfie ပုံလှလှလေးတွေ ဖန်တီးနိုင်ပါတယ်။ Snapchat ထဲကလိုစတစ်ကာလေးတွေနဲ့ Selfie ရိုက်ချင်သူတွေအတွက် AR lens လည်းပါဝင်ပါသေးတယ်။ Background ကိုလည်းအမျိုးမျိုးပြောင်းလဲနိုင်ဦးမှာပါ။ နောက်ထူးခြားတဲ့အချက်ကလက်အမူအရာပြပြီး Selfie ရိုက်နို်င်ပါတယ်။

နောက်ဘက်ကင်မရာကို 13MP+2MP ဆိုပြီးတွဲပေးထားပါတယ်။ Professional တစ်ယောက်လိုဓာတ်ပုံရိုက်ကူးနိုင်အောင် Depth of field ကိုထိန်းညှိပေးနိုင်တဲ့ Wide Aperture ပါဝင်လို့ Nosie နည်းနည်း၊ အရောင်စုံစုံနဲ့ သဘာဝကျတဲ့ Portrait နဲ့ Landscape ပုံတွေကိုရရှိစေပါတယ်။ နောက်ပြီး Bokeh ကိုလည်းချိန်ညှိနိုင်ပြီးရိုက်ပြီးတဲ့အခါမှ လိုချင်တဲ့ focus ကိုပြောင်းနိုင်သေးပါတယ်။

Y9 မှာ ကြီးမားတဲ့ 4000 mAhဘက်ထရီကိုတပ်ဆင်ထားတဲ့အတွက် ပုံမှန်သုံးသူတွေအနေနဲ့ ၁ ရက်ခွဲလောက်  အေးဆေးအသုံးပြုနိုင်ပါတယ်။ အားကုန်သက်သာလို့ ဂိမ်းဆော့ရတာကြိုက်တဲ့လူငယ်တွေနဲ့ ကွက်တိပါဘဲ။  နောက်ပြီးသူ့မှာပါတဲ့ Ultra-saving mode ကိုဖွင့်ထားပြီးအက်ပလီကေးရှင်း ၆ ခုပဲသုံးမယ်ဆိုရင် ၅၀ ရာခိုင်နှုန်းကို ဆယ်ရက်လောက်ထိကို အသုံးခံပါတယ်။အားသွင်းတဲ့အခါမှာလည်းQuick Charge ပါဝင်တဲ့အတွက် အားသွင်းမြန်ပါတယ်။

Processor အနေနဲ့Hisilicon Kirin 659 ကိုပဲအထိုင်ချထားတာကိုတွေ့ရပြီးAndroid 8.0 ကိုအခြေခံထားတဲ့ EMUI 8.0 (Oreo) ကိုအသုံးပြုထားလို့ သွက်သွက်လက်လက်ရှိပါတယ်။ RAM 3GB/ROM 32GB ပါရှိတဲ့  Y9 က multitasking တော်တော်ကောင်းမွန်ပါတယ်။ Triple slotပါဝင်ပြီးဆင်းမ်ကတ် နှစ်ကတ်အထိထည့်သွင်းနိုင်လို့ ဆင်းမ်ကတ် နှစ်ကတ်အသုံးပြုသူတွေအတွက် အတော်လေးအသုံးတည့်ပါတယ်။ ကျန်တဲ့ slot တစ်ခုကိုတော့ microSD card အတွက်ပဲအသုံးပြုနိုင်ပါတယ်။

Y9 ရဲ့ နောက်အသုံးဝင်တဲ့ feature တစ်ခုက screen ပေါ်မှာလက်သုံးချောင်းဆွဲချရုံနဲ့ screenshot ရိုက်နိုင်ပါတယ်။ ဒီ feature ပါဝင်တာကြောင့် အရင်လို Power button နဲ့ home key ဖိနှိပ်ရလို့ power button ပျက်လွယ်တာမျိုးမကြံုရတော့ပါဘူး။ လက်နဲ့ နှစ်ခါ ခေါက်ပြီး screen ကိုအဖွင့်အပိတ်လည်းလုပ်နိုင်ပါသေးတယ်။ mid-range ဖုန်းအနေနဲ့ Fingerprint အပြင် Face Unlock ပါ ပါဝင်တာကို ထူးထူးခြားခြားတွေ့ရပါတယ်။

Bluetooth သဘောတရားကိုအခြေခံထားပေမယ့် Bluetooth ထက် ပိုမြန်တဲ့ Huawei Share စနစ် ပါဝင်ပါတယ်။ တကယ်မြန်တဲ့အတွက် အသုံးပြုကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ ဘာထူးခြားသေးလဲဆိုရင်  ကိုယ့်ရဲ့ဒေတာကို share တာမျိုးမဟုတ်ဘဲWifiကို share တာမျိုးလုပ်လို့ရတယ့် Wifi bridge ဆိုတဲ့ feature ထည့်ထားပါတယ်။ သူ့သဘောတရားကတော့ Wifiနဲ့အလှမ်းဝေးတဲ့နေရာမျိုးမှာရှိပေမဲ့ Wifiရဲ့အနီးနားမှာရှိတယ့်သူကWifi ပြန် share ပေးနိုင်တာမျိုးဖြစ်ပါတယ်။ ၁၅ မီတာအတွင်း Device ၄ လုံးအထိWifi share နိုင်ပါတယ်။ Y9 မှာပါဝင်တဲ့ mirror share ဆိုတဲ့ feature တစ်ခုကလည်းProjector တစ်ခုလိုမျိုးတီဗီတွေ၊ screen တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ပိုကောင်းတာတစ်ခုက ကြိုးတွေချိတ်စရာမလိုပဲ Bluetooth လိုမျိုးဖွင့်လိုက်တာနဲ့ တန်းချိတ်နိုင်တာပါပဲ။

အထက်ကပြောခဲ့တဲ့ features တွေ ၊ performance တွေ ပါဝင်တဲ့ Y9 (2018) ကို ပြည်တွင်းမှာစျေးနှုန်း ၂၅၉၀၀၀ ကျပ်နဲ့ စတင်ရောင်းချနေပြီလို့ သိရတဲ့အတွက် Y9 ဟာသုံးသိန်းဝန်းကျင် mid-range ဖုန်းတွေထဲမှာ အတန်ဆုံးဖုန်းတစ်လုံး ဖြစ်လာပါတယ်။ အရောင်အားဖြင့် အနက်၊ အပြာနဲ့ ရွှေရောင်ဆိုပြီးသုံးမျိုးနဲ့ မိတ်ဆက်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags