ပါလက်စတိုင်းအရပ်သားအား အစ္စရေးစစ်သားက ပစ်သတ်သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ပါလက်စတိုင်းက စုံစမ်းစေချင်

ပါလက်စတိုင်းအရပ်သားအား အစ္စရေးစစ်သားက ပစ်သတ်သည့် ဗီဒီယိုနှင့် ပတ်သက်ပြီး ပါလက်စတိုင်းက စုံစမ်းစေချင်

 

ဂျေရုဆလင်၊ ဧပြီ ၁၁ ။            ။ အစ္စရေးစစ်တပ်သည် ထိန်းသိမ်းရမည့် စံများကို သွေဖည်ခြင်း လုပ်ရပ်အဖြစ် ပါလက်စတိုင်းအရပ်သားတစ်ဦးကို အစ္စရေးစစ်သားတစ်ဦးက ပစ်သတ်သည်ကို အခြားအစ္စရေးစစ်သားတစ်ဦးက ဗီဒီယို ရိုက်ကူးထားခဲ့ခြင်းအရေးတွင် နိုင်ငံတကာက စုံစမ်းစစ်ဆေးပေးရန် ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့၏ အတွင်းရေးမှူးချုပ်က ဧပြီ ၁၀ ရက်တွင် တောင်းဆိုသည်။

ပြီးခဲ့သည့်နှစ်က ရိုက်ကူးခဲ့သည့် ယင်းဗီဒီယိုဖိုင်သည် အစ္စရေးတို့၏ စစ်ရာဇဝတ်မှုကို ပြသရာရောက်ပြီး အစ္စရေးကို နိုင်ငံတကာရာဇဝတ်ခုံရုံးတင်ရန် မီးမောင်းထိုးပြနေကြောင်း အတွင်းရေးမှူးချုပ် ဆတ်အီရီကတ်က ပြောသည်။

“အစ္စရေးက ဒီကိစ္စမှာ တာဝန်ခံလာဖို့့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တုံ့ပြန်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူတွေ ဘေးကင်းရေးနဲ့ ပါလက်စတိုင်းမှာ  အစ္စရေးက ရေရှည်ကျုးကျော်မှုတွေ အဆုံးသတ်ရေးအတွက် နိုင်ငံတကာက တာဝန်ယူပေးရပါမယ်။”ဟု အီရီကတ်က ပြောသည်။

ပြီးခဲ့သည့်နှစ်က ရိုက်ကူးခဲ့့ကာ လက်ရှိ အွန်လိုင်းတွင် ပျံ့နှံ့သည့် ယင်းဗီဒီယိုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် အစ္စရေးစစ်တပ်က ကျင့်ဝတ်နှင့် ညီညွတ်မှု ရှိမရှိ စစ်ဆေးဆုံးဖြတ်ရန် စစ်ရုံးချုပ်သို့ တွေ့ရှိချက်များ တင်ပြမည်ဖြစ်ကြောင်း ဧပြီ ၁၀ ရက်တွင် ပြောသည်။

အဆိုပါ ဗီဒီယိုတွင် အစ္စရေးနှင့် ဂါဇာနယ်စပ်စည်းရိုးနှင့် အလွန်နီးကပ်စွာတွင် ချည်းကပ်လာသော ပါလက်စတိုင်းကို အစ္စရေးစစ်တပ်ဖက်က သေနတ်တစ်ချက် ပစ်ဖေါက်လိုက်ပြီး ၎င်း မြေပေါ်လဲကျသွားသည်ကို ရိုက်ကူးထားသည့် ဗီဒီယို ဖြစ်သည်။

ယင်းဗီဒီယိုသည် ၂၀၁၇ ဒီဇင်ဘာ ၂၂ ရက်က ရိုက်ကူးထားသော ဗီဒီယိုဖိုင်ဖြစ်ပြီး နယ်စပ်သို့ ပါလက်စတိုင်းဆန္ဒပြသူများ ချည်းကပ်လာပြီး ကျောက်တုံးကျောက်ခဲများဖြင့် ပစ်ပေါက်သည့် ဆူပူအကြမ်းဖက်မှုအတွင်း ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုသာဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required