ရိုက်တာသတင်းထောက် ၂ ဦးကို စွဲချက်​မတင်​မီ လွှတ်​​ပေးရန်​ ​လျှောက်​ထားမှု ပယ်​ချခံရ

ရိုက်တာသတင်းထောက် ၂ ဦးကို စွဲချက်​မတင်​မီ လွှတ်​​ပေးရန်​ ​လျှောက်​ထားမှု ပယ်​ချခံရ

ရန်ကုန်၊ ဧပြီလ ၁၁ ။             ။ ထောင်ဒဏ် ၁၄ နှစ်ထိ ပြစ်ဒဏ်ချမှတ်နိုင်သော အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် တရားစွဲ စစ်​ဆေးခံ​နေရ​သော ရိုက်တာ သတင်းထောက် ၂ ဦးကို စွဲချက်​မတင်​မီ အမှုမှလွှတ်​​ပေးရန်​ ​လျှောက်​ထားမှု ပယ်​ချခံရသည်​။

ယနေ့ ဧပြီလ ၁၁ ရက်၊ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးတွင် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော် စိုးဦးတို့ကို ၁၃ ကြိမ်မြောက်ရုံးထုတ်ခဲ့ပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားသူကြီးက ပယ်​ချခဲ့ခြင်​း ဖြစ်သည်။

" ဒီ​နေ့ ကျွန်​​တော်​တို့ ၂၅၃(၂)အရ ​လျှောက်​ထားချက်​ကို တရားရုံးကအမိန်​့ချလိုက်​တယ်​။ အမိန့်ချ​တော့ ကျွန်​​တော်​တို့​လျှောက်​ထားချက်​ကို ပယ်​တယ်​​ပေါ့ဗျာ။ ပယ်​တယ်​ဆို​တော့ ကျန်​တဲ့ရုံးချိန်း​တွေမှာ ဆက်​ပြီး​တော့ ကျန်​သက်​​သေ​တွေကိုစစ်​သွားမှာပါ။ ဘာ​ကြောင်​ပယ်​လည်းဆို​တော့ သက်​​သေ ၈ ​ယောက်​စစ်​ဖို့ကျန်​​သေးတယ်​။ ​နောက်​တစ်​ခါ ကျွန်​​တော်​တို့​ပြောဆိုသလို အ​ခြေအမြစ်​မရှိဘူးဆိုတာကလည်းမဟုတ်​​သေးဘူး​ပေါ့​နော်​။ ဒါ​ကြောင့်​သက်​​သေစစ်​​ဆေးဖို့ကျန်​တယ်​ဆိုပြီးပယ်​တာပါ"ဟု သတင်းထောက်​နှစ်​ဦးဘက်​မှ လိုက်​ပါ​ဆောင်​ရွက်​သူ တရားလွှတ်​​တော်​​ရှေ့​နေ ဦးသန်းဇော်​​အောင်​က ​ပြောသည်​။

ရာဇဝတ် ကျင့်ထုံး- ၂၅၃(၂) အရ ရိုက်တာသတင်းထောက် ၂ ဦးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေက သတင်းထောက် ၂ ဦးကို စွဲချက်မတင်မီ အမှုမှ တရားရှင် လွှတ်ပေးရန် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က တရားခွင်တွင် လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြံုရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူတချို့တွေ့ရှိခဲ့ခြင်းကြောင့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ- ၃ ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အဆိုပါ ပုဒ်မဖြင့် ခရိုင်တရား ရုံးတွင် တရားစွဲတင်ကာ စတင်စစ်ဆေးနေခြင်းဖြစ်သည်။

သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ရဲတပ် ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly