‌ရေအရင််းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသော ကဗျာဆရာ လူပအောင် အာမခံ ပလပ်ခံရ

‌ရေအရင််းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသော ကဗျာဆရာ လူပအောင် အာမခံ ပလပ်ခံရ

 

ဧပြီ ၁၁ ။                ။ မန်းရွှေစက်တော်ဘုရား မန်းချောင်းတွင် ခွင့်ပြုချက်မရဘဲ တံတားထိုး၍ အပန်းဖြေစခန်း တိုးချဲ့ဆောက်လုပ်ရာမှ ရေအရင််းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခံရသော ကဗျာဆရာ လူပအောင်၏ အမှုအတွက် အာမခံလျှောက်ထားခဲ့ရာ  ဧပြီလ ၁၀ရက်နေတွင် မင််းဘူးမြို့နယ်တရားရုံး တရားသူကြီးဒေါ်သိမ့်သိမ့်အေးက ပလပ်ခဲ့ကြောင်း ကိုလူပအောင်၏အကျိုုးဆောင်တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝဏ္ဏထွန်းကပြောသည်။

" ကိုလူပအောင်အနေနဲ့ ငဖဲစောင်းတန်း မီးပျံကျ သောင်ပြင်မှာ အဆောက်အဦ တည်းခိုဆောင်တွေ ဆောက်တဲ့အပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖယ်ရှားခိုင်းတယ် ။ ဖယ်မပေးလို့ဆိုပြီး မြစ်ချောင်းဖြိုးဦးစီးဌာနကနေ တရားစွဲတယ်၊ဒီအမှုနဲ့ပတ်သက်ပြီး တရားစွဲဆိုဖို့ တင်တဲ့နေ့မှာပဲ အရေးတကြီးခေါ်ယူ တရားစွဲဆိုခြင်း ခံရတဲ့အတွက် အာမခံပေးမဲ့သူက ပြည့်စုံမှု မရှိတဲ့အတွက်ကြောင့် ပယ်ချခြင်း ခံရတယ်၊ဧပြီလ ၉ရက်နေ့ မနေ့က ရုံးချိန်းမှာ ကျန်းမာရေး အမှန်တကယ် မကောင်းဘဲ အူကျလို့ ခွဲရမှာ ဖြစ်တဲ့အတွက် ဆရာဝန်ဆေးစာနဲ့ ပူးတွဲတင်ပြတယ်၊ တရားသူကြီးကိုလည်း အာမခံပေးဖို့လျှောက်တယ်၊မင်းဘူးမြို့နယ် ဥပဒေအရာရှိက ကန့်ကွက်ခဲ့လို့ အာမခံပေးသင့်၊ မပေးသင့် ဒီနေ့ အမိန့်ချမယ်ဆိုပြီး အမိန့်ချတော့ တရားသူကြီးက ရာဇသတ်ကြီးပုဒ်မ ၄၉၆အရ အာမခံပေးမရတဲ့ အမှုဖြစ်လို့ ပယ်ချတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ဝဏ္ဏထွန်းက ပြောသည်။

မကွေးတိုင်းရေအရင်းမြစ်နှင့်မြစ်ချောင်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ယခုလို  မြစ်ချောင်းသုံးစွဲမှုဖြင့် စတင် တရားစွဲဆိုခြင်းမှာ ယခုအမှုသည် ပထမဆုံးအမှု ဖြစ်ကြောင်း ဦးကျော်ဝဏ္ဏထွန်းက ဆိုသည်။

ကဗျာဆရာ ကိုလူပအောင်အား ရွှေရွှစက်တော်ဘုရား ငဖဲစောင်းတန်း မီးပျံကျကွင်းအနီး မန်းချောင်းတွင် တံတားထိုးခြင်းနှင့် မန်းသီတာ အပန်းဖြေစခန်း ဖွင်လှစ်ခြင်းကြောင့် မကွေးတိုင်းဒေသကြီး ရေအရင်းမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာထွန်းက တရားလိုပြုလုပ်ကာ ခွင့်ပြုချက်မရဘဲ မန်းချောင်းအနီး တံတားဆောက်ခြင်း အဆောက်အဦးဆောက်ခြင်းတို့ ပြုလုပ်သဖြင့် ရေအရင််းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းစောင့်ရှောက်ရေး ၂၀၁၆ ဥပဒေ ပုဒ်မ ၂၅အရ  ဧပြီလ ၂ရက်နေ့က မင်းဘူးမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းအစိုးရအဖွဲ့မှ ညွှန်ကြားလာ၍ မိမိတို့ ဌာနမှ တရားစွဲဆိုခြင်းဖြစ်ကြောင်း လက်ထောက်ညွှန်ကြားရေးမှူးဦးတေဇာထွန်းက မဇ္ဈိမသို့ ပြောသည်။

 ကိုလူပအောင်သည် ကဗျာနှင့်စာပေသမားတစ်ဦးဖြစ်ကာ မန်းရွှေစက်တော်ဘုရားပွဲတော် မစခင် နှစ်ပေါင်းများစွာ မစည်းကားခဲ့သည့် ငဖဲစောင်းတန်းအား စည်းကားစေလိုသော စေတနာဖြင့် မီးပျံကျကွင်း မန်းချောင်းအနီး တောဖုန်းဆိုးအား ရှင်းလင်းကာ သက်ဆိုင်ရာများအား တရားဝင် စာတင် အသိပေးကာ မန်းသီတာအပန်းဖြေစခန်းအား ဆောက်လုပ်ခဲ့ကြောင်း၊  ဆောက်လုပ်ပြီး ပွဲတော်စမှ ယခုလို ခွင့်မပြုကြောင်း အသိပေး တရားစွဲဆိုခံရကြောင်း ကိုလူပအောင်က ပြောသည်။

ယခုလက်ရှိ မင်းဘူးမြို့မရဲစခန်းတွင် ကိုလူပအောင်အား ချုပ်နှောင်ထားပြီး လာမည့် ဧပြီလ ၁၈ ရက်နေ့ ရုံးချိန်း ပြန်ချိန်းဆိုကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required